အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၄-ဖာသုဝိဟာရသုတ်
၉၄။ ရဟန်းတို့ ချမ်းသာစွာနေခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွ ဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသောပဌမဈာန်သို့ ရောက်၍ နေ၏။
ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုယခု ဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။
ရဟန်းတို့ ချမ်းသာစွာနေခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။