အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၃-ဗျာကရဏသုတ်
၉၃။ ရဟန်းတို့ အရဟတ္တဖိုလ်ကို ပြောဆိုခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
(ပညာ) နုံ့သည်၏အဖြစ် တွေဝေသည်၏အဖြစ်ကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊
ယုတ်ညံ့သော အလိုရှိသည် အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍ အရဟတ္တဖိုလ်ကို ပြောဆို၏၊
ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊
အထင်ကြီးသဖြင့် အရဟတ္တဖိုလ်ကို ပြောဆို၏၊
အကြောင်းမှန်အားဖြင့် အရဟတ္တဖိုလ်ကို ပြောဆို၏။
ရဟန်းတို့ အရဟတ္တဖိုလ်ကို ပြောဆိုခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။