အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၅-အကုပ္ပသုတ်
၉၅။ ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကိုထိုးထွင်း၍ သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အနက် (အကျိုး) တို့၌ ခွဲခြားဝေဖန်တတ်သော ‘အတ္ထပဋိသမ္ဘိဒါ’ ဉာဏ်သို့ ရောက်၏၊ ပါဠိ (အကြောင်း) တို့၌ ခွဲခြားဝေဖန်တတ်သော ‘ဓမ္မပဋိသမ္ဘိဒါ’ ဉာဏ်သို့ ရောက်၏၊ သဒ္ဒါတို့၌ ခွဲခြားဝေဖန်တတ်သော ‘နိရုတ္တိပဋိသမ္ဘိဒါ’ ဉာဏ်သို့ ရောက်၏၊ ရှေးဉာဏ် သုံးပါးတို့၌ ခွဲခြားဝေဖန်တတ်သော ‘ပဋိဘာနပဋိသမ္ဘိဒါ’ဉာဏ်သို့ ရောက်၏၊ ကိလေသာမှ လွတ်မြောက်တိုင်းသော (အရဟတ္တဖိုလ်) စိတ်ကို ဆင်ခြင်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။