အင်္ဂုတ္တရနိကာယ်
၁၁-တိကဝဂ်
၆-အဿာဒသုတ်
၁၁၂။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
သာယာအပ်သည်၏ အစွမ်းဖြင့် ဖြစ်သော ‘အဿာဒ’ ဒိဋ္ဌိ။
အတ္တဘောသို့ အစဉ်လိုက်၍ ဖြစ်သော ‘သက္ကာယ’ ဒိဋ္ဌိ။
မှားသောအားဖြင့် မြင်မှုဟု ဆိုအပ်သော (ခြောက်ဆယ့်နှစ်ပါးသော) မိစ္ဆာဒိဋ္ဌိတို့တည်း။
ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
‘အဿာဒ’ ဒိဋ္ဌိကို ပယ်ရန် အနိစ္စသညာကို ပွါးများအပ်၏။
သက္ကာယဒိဋ္ဌိကို ပယ်ရန် အနတ္တသညာကို ပွါးများအပ်၏။
မိစ္ဆာဒိဋ္ဌိကို ပယ်ရန် သမ္မာဒိဋ္ဌိကို ပွါးများအပ်၏။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။