အင်္ဂုတ္တရနိကာယ်

၁၁-တိကဝဂ်

၈-သန္တုဋ္ဌိတာသုတ်

၁၁၄။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

မရောင့်ရဲနိုင်မှု၊ အဆင်ခြင်ဉာဏ် မရှိမှု၊ အလိုကြီးမှုတို့တည်း။

ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

မရောင့်ရဲမှုကို ပယ်ရန် ရောင့်ရဲမှုကို ပွါးများအပ်၏။

ဆင်ခြင်ဉာဏ် မရှိမှုကို ပယ်ရန် ဆင်ခြင်ဉာဏ် ရှိမှုကို ပွါးများအပ်၏။

အလိုကြီးမှုကို ပယ်ရန် အလိုနည်းမှုကို ပွါးများအပ်၏။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု့ (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။