အင်္ဂုတ္တရနိကာယ်
၃-အနုတ္တရိယဝဂ်
၄-ဟိမဝန္တသုတ်
၂၄။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဟိမဝန္တာတောင်မင်းကိုသော်လည်းဖောက်ခွဲနိုင်ရာ၏၊ ယုတ်သော အဝိဇ္ဇာကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—
တည်ကြည်မှု ‘သမာဓိ’ ကို ဝင်စားခြင်း၌ လိမ္မာ၏။
တည်ကြည်မှု ‘သမာဓိ’ ကို တည်စေခြင်း၌ လိမ္မာ၏။
တည်ကြည်မှု ‘သမာဓိ’ မှ ထခြင်း၌ လိမ္မာ၏။
တည်ကြည်မှု ‘သမာဓိ’ ၏ (ဝင်စားရန်) အသင့်ဖြစ်ခြင်း၌ လိမ္မာ၏။
တည်ကြည်မှု ‘သမာဓိ’ ၏ ကျက်စားရာ အာရုံ၌ လိမ္မာ၏။
တည်ကြည်မှု ‘သမာဓိ’ ကို ရှေးရှုဆောင်ခြင်း၌ လိမ္မာ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဟိမဝန္တာတောင်မင်းကိုသော်လည်းဖောက်ခွဲနိုင်ရာသေး၏၊ ယုတ်သော အဝိဇ္ဇာကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။