အင်္ဂုတ္တရနိကာယ်
၃-အနုတ္တရိယဝဂ်
၅-အနုဿတိဋ္ဌာနသုတ်
၂၅။ ရဟန်းတို့ မပြတ်အောက်မေ့အပ်သော အကြောင်းတို့သည် ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟုအဖန်ဖန် အောက်မေ့၏။
ရဟန်းတို့ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသ ထကြွသောင်းကျန်းသောစိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။
ရဟန်းတို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်းတို့ ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေ တည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု (အဖန်ဖန်အောက်မေ့၏)။
ရဟန်းတို့ အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။
ရဟန်းတို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်းတို့ ဤဓမ္မာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟူ၍ (အဖန်ဖန်အောက်မေ့၏)။
ရဟန်းတို့ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။
ရဟန်းတို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်းတို့ ဤသံဃာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက်။ပ။ တည်ကြည်ခြင်း ‘သမာဓိ’ ကိုဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့၏။
ရဟန်းတို့ အရိယာတပည့်သည် သီလကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အားရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ် မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ’ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။
ရဟန်းတို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်းတို့ ဤသီလာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည်—
“ငါ့အား အရတော်ပေစွ၊ ငါသည် လူ့အဖြစ်ကို ကောင်းစွာ ရအပ်ပေစွ။ပ။ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏”ဟု မိမိ၏ စွန့်ကြဲမှု စာဂဂုဏ်ကို အဖန်ဖန် အောက်မေ့၏။ပ။
ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်အထက် ဗြဟ္မာတို့သည် ရှိကုန်၏၊ သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုသဒ္ဓါတရားမျိုးသည် ထင်ရှားရှိ၏။ သီလနှင့်။ အကြားအမြင်နှင့်။ စွန့်ကြဲ ပေးကမ်းခြင်းနှင့်။ ပညာနှင့် ပြည့်စုံကုန်သော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ထင်ရှားရှိ၏”ဟု (အဖန်ဖန်အောက်မေ့၏)။
ရဟန်းတို့ အရိယာတပည့်သည် မိမိ၏လည်းကောင်း၊ ထိုနတ်ဗြဟ္မာတို့၏လည်းကောင်း သဒ္ဓါ သီလသုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ် မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။
ရဟန်းတို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်းတို့ ဤဒေဝတာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။
ရဟန်းတို့ မပြတ်အောက်မေ့အပ်သော အကြောင်းတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။