အင်္ဂုတ္တရနိကာယ်
၃-အနုတ္တရိယဝဂ်
၆-မဟာကစ္စာနသုတ်
၂၆။ ထိုအခါ အသျှင်မဟာကစ္စည်းသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာကစ္စည်းအား ပြန်ကြားလျှောက်ထားကုန်၏၊ အသျှင်မဟာကစ္စည်းသည် ဤစကားကို မိန့်ဆို၏—
ငါ့သျှင်တို့ အံ့သြဖွယ် ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်သတ္တဝါတို့ စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် (ကာမဂုဏ်ငါးပါးတို့ဖြင့်) ကျဉ်းမြောင်းလှစွာသော လူ့ဘောင်၌ ရအပ်သော အခွင့်ဖြစ်သော ဤအနုဿတိခြောက်မျိုးကို အလွန့်အလွန် ထိုးထွင်း၍ သိတော်မူပါပေ၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟူ၍ (အဖန်ဖန် အောက်မေ့၏)။
ငါ့သျှင်တို့ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။
ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“မြတ်စွာဘုရား ဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟူ၍ (အဖန်ဖန် အောက်မေ့၏)။
ငါ့သျှင်တို့ အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။
ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟူ၍ (အဖန်ဖန် အောက်မေ့၏)။
ငါ့သျှင်တို့ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။
ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့၏။
ငါ့သျှင်တို့ အရိယာတပည့်သည် မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ် မဖြစ်၊ မောဟ့ထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ‘ဂေဓ’ဟူသောအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။
ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည်—
“ငါ့အား အရတော်ပေစွ၊ ငါသည် လူ့အဖြစ်ကို ကောင်းစွာ ရပေစွ။ပ။ အတောင်းခံရန် အသင့် ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏”ဟု မိမိ၏ စွန့်ကြဲမှုစာဂဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
ငါ့သျှင်တို့ အရိယာတပည့်သည် မိမိ၏ စွန့်ကြဲမှုစာဂဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။
ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။
ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့၏။
“စာတုမဟာရာဇ်နတ် တာဝတိံသာနတ်။ပ။ အထက်အထက် ဗြဟ္မာတို့သည် ရှိကုန်၏၊ သဒ္ဓါတရား နှင့်ပြည့်စုံကုန်သော ထိုနတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်းထိုသဒ္ဓါတရားမျိုးသည် ထင်ရှားရှိ၏။ သီလနှင့်။ သုတနှင့်။ စာဂနှင့်။ ပညာနှင့် ပြည့်စုံကုန်သော ထိုနတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ထင်ရှားရှိ၏”ဟူ၍ (အဖန်ဖန် အောက်မေ့၏)။
ငါ့သျှင်တို့ အရိယာတပည့်သည် မိမိ၏လည်းကောင်း၊ ထိုနတ်ဗြဟ္မာတို့၏လည်းကောင်း သဒ္ဓါ သီလသုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ် မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ ‘ဂေဓ’ မှ ထွကမြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ‘ဂေဓ’ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏အမည်တည်း။
ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။
ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။
ငါ့သျှင်တို့ အံ့ဖွယ် ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည့်သတ္တဝါတို့ စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် (ကာမဂုဏ်ငါးပါးတို့ဖြင့်) ကျဉ်းမြောင်းလှစွာသော လူ့ဘောင်၌ ရအပ်သော အခွင့်ဖြစ်သော ဤအနုဿတိခြောက်မျိုးကို အလွန့်အလွန်ထိုးထွင်း၍ သိတော်မူပါပေ၏ဟု (မိန့်ဆို၏)။
ဆဋ္ဌသုတ်။