အင်္ဂုတ္တရနိကာယ်
၃-အနုတ္တရိယဝဂ်
၇-ပဌမ သမယသုတ်
၂၇။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —
“အသျှင်ဘုရား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့ သည်အဘယ်မျှ ရှိပါကုန်သနည်း”ဟု လျှောက်၏။
ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည်ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု ‘ကာမရာဂ’ ထကြွသောင်းကျန်း၍ ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏။
“ငါ့သျှင် အကျွန်ုပ်သည် ကာမဂုဏ်တို့ကို စွဲမက်မှု ‘ကာမရာဂ’ ထကြွသောင်းကျန်း၍ ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ကာမရာဂကို ပယ်ရန် တရာဟောတော်မူပါ”ဟု (ပြောဆိုအပ်၏)။
ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု ‘ကာမရာဂ’ ကိုပယ်ရန် တရားဟော၏။
ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်ပဌမအခါပင်တည်း။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွသောင်းကျန်း၍ ဗျာပါဒနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏—
“ငါ့သျှင် အကျွန်ုပ်သည် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွသောင်းကျန်း၍ ဗျာပါဒနှိပ်စက်သော စိတ်ဖြင့်နေရပါ၏၊ ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဗျာပါဒကို ပယ်ရန် တရားဟောတော်မူပါ”ဟု (ပြောဆိုအပ်၏)။
ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ပယ်ရန်တရားဟော၏။
ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် ဒုတိယအခါပင်တည်း။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွသောင်းကျန်း၍့ထိနမိဒ္ဓနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ပြောဆိုအပ်၏—
“ငါ့သျှင် အကျွန်ုပ်သည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွသောင်းကျန်း၍ ထိနမိဒ္ဓ နှိပ်စက်သောစိတ်ဖြင့့်် နေရပါ၏၊ ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ထိနမိဒ္ဓကို ပယ်ရန် တရားဟောတော်မူပါ”ဟု (ပြောဆိုအပ်၏)။
ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ပယ်ရန်တရားဟော၏။
ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်တတိယအခါပင်တည်း။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ထကြွသောင်းကျန်း၍ ဥဒ္ဓစ္စကုက္ကုစ္စ နှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏—
“ငါ့သျှင် အကျွန်ုပ်သည် ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ထကြွသောင်းကျန်း၍ ဥဒ္ဓစ္စကုက္ကုစ္စ္ဓနှိပ်စက်သော စိတ်ဖြင့့့််် နေရပါ၏၊ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဥဒ္ဓစ္စကုက္ကုစ္စကို ပယ်ရန် တရားဟောတော်မူပါ”ဟု (ပြောဆိုအပ်၏)။
ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ကိုပယ်ရန် တရားဟော၏။
ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်စတုတ္ထအခါပင်တည်း။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွသောင်းကျန်း၍ ဝိစိကိစ္ဆာနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏—
“ငါ့သျှင် အကျွန်ုပ်သည် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွသောင်းကျန်း၍ ဝိစိကိစ္ဆာနှိပ်စက်သော စိတ်ဖြင့်နေရပါ၏၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဝိစိကိစ္ဆာကို ပယ်ရန် တရားဟောတော်မူပါ”ဟု (ပြောဆိုအပ်၏)။
ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ပယ်ရန်တရားဟော၏။
ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမျှော်ခြင်းငှါ ချဉ်းကပ်ရန်ပဉ္စမအခါပင်တည်း။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် အကြင်အာရုံနိမိတ်ကို အစွဲပြု၍ အကြင်အာရုံနိမိတ်ကိုနှလုံးသွင်းသော ရဟန်းအား အန္တရာယ်မရှိသဖြင့် အာသဝေါတရားကုန်ခန်း၏၊ ထိုအာရုံနိမိတ်ကိုမသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏—
“ငါ့သျှင် အကျွန်ုပ်သည် အကြင်အာရုံနိမိတ်ကို အစွဲပြု၍ အကြင်အာရုံနိမိတ်ကို နှလုံးသွင်းသူအား့အန္တရာယ်မရှိသဖြင့် အာသဝေါတရားကုန်ခန်း၏၊ ထိုအာရုံနိမိတ်ကို မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား အာသဝေါတရားကိုကုန်ခန်းရန် တရားဟောတော်မူပါ”ဟု (ပြောဆိုအပ်၏)။
ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် အာသဝေါတရားတို့ကုန်ခန်းရန်တရားဟော၏။
ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်ဆဋ္ဌအခါပင်တည်း။
ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည်ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။