အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၁၁-ဒါရုက္ခန္ဓသုတ်

၄၁။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုဆောင်ယူပြီးလျှင် များစွာသော ရဟန်းတို့နှင့်အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းတော်မူသည်ရှိသော် တစ်ခုသောအရပ်၌ ကြီးစွာသော သစ်တုံးကို မြင်တော်မူ၍ ရဟန်းတို့ကို —

“ငါ့သျှင်တို့ သင်တို့သည် ဤသစ်တုံးကြီးကို မြင်ကုန်၏လော”ဟု မေး၏။

ငါ့သျှင် မြင်ပါကုန်၏ဟု (လျှောက်ကုန်၏)။

ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သောရဟန်းသည် ဤသစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည် အဘယ့်ကြောင့်နည်း။

ငါ့သျှင်တို့ အကြင် (ခက်မာမှု) ပထဝီကို အမှီပြု၍ တန်ခိုးအဘိညာဉ်နှင့်ပြည့်စုံသော၊ စိတ်၏လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထို (ခက်မာမှု) ပထဝီဓာတ်သည် ဤသစ်တုံးကြီး၌ ရှိ၏။

ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သောရဟန်းသည် ဤသစ်တုံးကြီးကို ရေဟူ၍သာလျှင် နှလုံးသွင်းရာ၏။ပ။

မီးဟူ၍သာလျှင် နှလုံးသွင်းရာ၏။

လေဟူ၍သာလျှင် နှလုံးသွင်းရာ၏။

တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်းရာ၏။

မတင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည် အဘယ့်ကြောင့်နည်း။

ငါ့သျှင်တို့ အကြင်မတင့်တယ်ခြင်း ‘အသုဘဓာတ်’ ကို အမှီပြု၍ တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မတင့်တယ်ဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထို (မတင့်တယ်ခြင်းသဘော) အသုဘဓာတ်သည် ဤသစ်တုံးကြီး၌ ရှိ၏ဟု (မိန့်ဆို၏)။

ဧကာဒသမသုတ်။