အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၁၂-နာဂိတသုတ်

၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူ၏။

မြတ်စွာဘုရားသည် ထို ဣစ္ဆာနင်္ဂလရွာ (အနီး) ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် သတင်းစကား ကြားကြကုန်၏ —

“အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣစ္ဆာနင်္ဂလရွာသို့ ကြွရောက်တော်မူ၍ ဣစ္ဆာနင်္ဂလရွာအနီး ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ —

ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ပ။ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း့ကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ပျံ့နှံ့၍ထွက်၏)။ ထိုအသျှင် ဂေါတမသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသောဤသြကာသလောကကို။ပ။ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားကုန်၏)။

ထိုအခါ၌ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ထိုညဉ့်လွန်သောအခါ၌ များစွာသောခဲဖွယ် စားဖွယ်ကို ယူကုန်၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ ချဉ်းကပ်ကုန်ပြီးလျှင် တံခါးမုခ် အပြင်ဘက်၌ ပြင်းပြ ကျယ်လောင်သော အသံရှိကုန်သည်ဖြစ်၍ တည်နေကုန်၏၊ ထိုစဉ်အခါ၌ အသျှင်နာဂိတသည်မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နာဂိတကို “နာဂိတ ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း”ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသူတို့ကား ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ပါတည်း၊ များစွာသောခဲဖွယ် စားဖွယ်ကို ယူ၍ တံခါးမုခ် အပြင်ဘက်၌ မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ရည်မှန်းပြီးလျှင် တည်နေကြပါသည်ဟု (လျှောက်၏)။

နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်းငါနှင့် အတူ မဆက်ဆံစေလင့်။

နာဂိတ ဤ (ကာမဂုဏ်မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ မရနိုင်သူသည် ထိုမစင်ကြယ်မှု ချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကိုသာယာ (ခံစား) ရာ၏။

(ကာမဂုဏ်မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု’ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရသော ငါသည်ထိုမစင်ကြယ်မှုချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာသာယာ (ခံစား) ရာအံ့နည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ အသျှင်ဘုရားယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန် အချိန်ဖြစ်ပါသည်၊ အသျှင်ဘုရား ယခုအခါ၌ နိဂုံးသူနိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားကြွတော်မူလေရာရာအရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ အသျှင်ဘုရား မိုးကြီးသည်းထန်စွာရွာသွန်း လတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးကျကြကုန်သကဲ့သို့ အသျှင်ဘုရားဤအတူသာလျှင် နိဂုံးသူနိဂုံးသား ဇနပုဒ်သူဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည်မြတ်စွာဘုရားကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါ ကြပါလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်းဟူမူ —

အသျှင်ဘုရား မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ကြီးမားတော်မူခြင်းကြောင့်ဖြစ်ပါသည်ဟု (လျှောက်၏)။

နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်းငါနှင့်အတူ မဆက်ဆံစေလင့်။ နာဂိတ ဤ (ကာမဂုဏ်မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု’ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိ တိုင်း မငြိုငြင်မပင်ပန်းဘဲ မရနိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော် သကာ့အကျော်အစောချမ်းသာကို သာယာ (ခံစား) ရာ၏။

(ကာမဂုဏ်မှ) ထွက်မြောက်မှု ‘နေက္ခမ္မ’ ချမ်းသာ၊ ကင်းဆိတ်မှု ‘ပဝိဝေက’ ချမ်းသာ၊ ငြိမ်းအေးမှု ‘ဥပသမ’ ချမ်းသာ၊ သိမှု ‘သမ္ဗောဓ’ ချမ်းသာကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရသော ငါသည်ထိုမစင်ကြယ်မှုချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာသာယာ (ခံစား) ရာအံ့နည်း။

နာဂိတ ဤသာသနာတော်၌ ငါသည် တည်ကြည်သော စိတ်ရှိလျက် ထိုင်နေသော ရွာနီးကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား “ယခုအခါ၌ ဤအသျှင်ကို အရံစောင့်က ဖြစ်စေသာမဏေက ဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေလိမ့်မည်”ဟု အကြံဖြစ်၏၊ နာဂိတ ထို့ကြောင့်ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါ မနှစ်သက်။

နာဂိတ ဤသာသနာတော်၌ ငါသည် တော၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား “ယခုအခါ ဤအသျှင်သည် ဤအိပ်ငိုက်ခြင်းကြောင့်ဖြစ်သောပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်ကိုသာလျှင် နှလုံးသွင်းလိမ့်မည်”ဟု အကြံဖြစ်၏၊ နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ဤသာသနာတော်၌ ငါသည် တော၌ မတည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား —

“ယခုအခါ၌ ဤအသျှင်သည် မတည်ကြည်သော စိတ်ကိုလည်း တည်ကြည်စေလိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်”ဟု ဤသို့ အကြံဖြစ်၏။

နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ဤသာသနာတော်၌ ငါသည် တော၌ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား —

“ယခုအခါ၌ ဤအသျှင်သည် ကိလေသာ မကျွတ်လွတ်သေးသော စိတ်ကိုလည်း ကျွတ်လွတ်စေလိမ့်မည်၊ ကျွတ်လွတ်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်”ဟု ဤသို့ အကြံဖြစ်၏။

နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ဤသာသနာတော်၌ ငါသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရသော ရွာနီးကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာအကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်၏၊ တောစွန်ဖြစ်သောကျောင်းတို့ကို စွန့်၏၊ ရွာ နိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်၍ နေ၏၊ နာဂိတ ထို့ကြောင့် ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါ မနှစ်သက်။

နာဂိတ ဤသာသနာတော်၌ ငါသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကိုရသော တောကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာအကျော်အစောကို စွန့်ပစ်ပယ်ရှား၍ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ တောစွန်ဖြစ်သောကျောင်းတို့ကို မစွန့်၊ နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ငါသည် ခရီးရှည်သွားသည်ရှိသော် ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှမတွေ့မြင်ရသောအခါ ငါ့အား အယုတ်သဖြင့် ကျင်ကြီးကျင်ငယ်ကို စွန့်ရန်ပင် ချမ်းသာ၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

လေးခုမြောက် ဒေဝတာဝဂ် ပြီး၏။