အင်္ဂုတ္တရနိကာယ်
၈-အရဟတ္တဝဂ်
၉-အဂ္ဂဓမ္မသုတ်
၈၃။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သောအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါ’ မရှိ၊ ရှက်မှု ‘ဟိရီ’ မရှိ၊ ကြောက်လန့်မှု’သြတ္တပ္ပ’ မရှိ၊ ပျင်းရိ၏၊ ပညာမဲ့၏၊ ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်မှု ရှိ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သောအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သောအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏၊ ရှက်မှု ‘ဟိရီ’ ရှိ၏၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိ၏၊ ထက်သန်သော လုံ့လရှိ၏၊ ပညာရှိ၏၊ ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်မှု မရှိ။
ရဟန်းတို့ ဤ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်သော တရားဟု ဆိုအပ်သောအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။