အင်္ဂုတ္တရနိကာယ်

၈-အရဟတ္တဝဂ်

၁ဝ-ရတ္တိဒိဝသသုတ်

၈၄။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ရောက်လာသော ညဉ့်နေ့တို့ဝယ်ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ တိုးပွါးမှုကိုမမျှော်လင့်အပ်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလိုရမ္မက် ကြီးမား၏၊ ပင်ပန်းခြင်း ရှိ၏၊ ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့်မရောင့်ရဲနိုင်။

ယုံကြည်မှု ‘သဒ္ဓါ’ မရှိ။ သီလမရှိ။ ပျင်းရိ၏။ သတိ လွတ်ကင်း၏။ ပညာမဲ့၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ရောက်လာသော ညဉ့်နေ့တို့ဝယ်ကုသိုလ်တရားတို့မှ ဆုတ်ယုတ်မှုကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ တိုးပွါးမှုကို မမျှော်လင့်အပ်။

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ရောက်လာသော ညဉ့်နေ့တို့ဝယ်ကုသိုလ်တရားတို့၌ တိုးပွါးမှုကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်မှုကို မမျှော်လင့်အပ်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလိုရမ္မက် မကြီးမား၊ ပင်ပန်းခြင်း မရှိ၊ ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့်ရောင့်ရဲလွယ်၏။

ယုံကြည်မှု ‘သဒ္ဓါ’တရားရှိ၏။ သီလရှိ၏။ ထက်သန်သော ဝီရိယရှိ၏။ သတိရှိ၏။ ပညာရှိ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ရောက်လာသော ညဉ့်နေ့တို့ဝယ့်ကုသိုလ်တရား၌ တိုးပွါးမှုကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်မှုကို အလိုမရှိအပ်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှစ်ခုမြောက် အရဟတ္တဝဂ် ပြီး၏။