အင်္ဂုတ္တရနိကာယ်

၉-သီတိဝဂ်

၃-ဝေါရောပိတသုတ်

၈၇။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟု ဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန်မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

အမိရင်းကို သတ်၏၊ အဖရင်းကို သတ်၏၊ ရဟန္တာကို သတ်၏၊ မြတ်စွာဘုရားအား ပြစ်မှား လိုသောစိတ်ဖြင့် သွေးကို ဖြစ်စေ၏၊ သံဃာကို သင်းခွဲ၏၊ ပညာမဲ့လျက် မိုက်မဲဆွံ့အ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်းကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် မထိုက်တန်။

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသည် ရှိသော်ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

အမိရင်းကို မသတ်၊ အဖရင်းကို မသတ်၊ ရဟန္တာကို မသတ်၊ မြတ်စွာဘုရားအား ပြစ်မှားလိုသောစိတ်ဖြင့် သွေးကို မဖြစ်စေ၊ သံဃာကို သင်းမခွဲ၊ ပညာရှိ၍ မိုက်မဲဆွံ့အသူ မဟုတ်။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသည် ရှိသော်ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။