အင်္ဂုတ္တရနိကာယ်
၉-သီတိဝဂ်
၁၁-စတုတ္ထ အဘဗ္ဗဋ္ဌာနသုတ်
၉၅။ ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိပြုအပ်သော ချမ်းသာဆင်းရဲကို (အတ္တဒိဋ္ဌိအစွမ်းဖြင့်) တစ်ဖန် ကပ်ရောက်ရန် မထိုက်။
ဉာဏ်အမြင်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် သူတစ်ပါးပြုအပ်သော ချမ်းသာဆင်းရဲကို တစ်ဖန်ကပ်ရောက်ရန် မထိုက်။
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိပြုအပ်သည်လည်းဖြစ်သော သူတစ်ပါးပြုအပ်သည်လည်းဖြစ်သော ချမ်းသာဆင်းရဲကို တစ်ဖန်ကပ်ရောက်ရန် မထိုက်။
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိမပြုအပ်သော အကြောင်းကို မစွဲမူ၍ ဖြစ်သည့်ချမ်းသာဆင်းရဲကို (အတ္တဒိဋ္ဌိအစွမ်းဖြင့်) တစ်ဖန် ကပ်ရောက်ရန် မထိုက်။
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သူတစ်ပါးမပြုအပ်သော အကြောင်းကို မစွဲမူ၍ ဖြစ်သည့်ချမ်းသာဆင်းရဲကို တစ်ဖန်ကပ်ရောက်ရန် မထိုက်။
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိလည်း မပြုအပ် သူတစ်ပါးလည်း မပြုအပ်သောအကြောင်းကို မစွဲမူ၍ ဖြစ်သည့် ချမ်းသာဆင်းရဲကို တစ်ဖန်ကပ်ရောက်ရန် မထိုက်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်အကြောင်းကိုလည်း ကောင်းစွာ မြင်အပ်, အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့ကိုလည်းကောင်းစွာ မြင်အပ်သောကြောင့်တည်း။
ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
ကိုးခုမြောက် သီတိဝဂ် ပြီး၏။