ဣတိဝုတ်ပါဠိတော်
၆-တဏှုပ္ပါဒသုတ်
၁ဝ၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ရဟန်းအား တဏှာဖြစ်သည်ရှိသော် အကြင်အကြောင်းဝတ္ထုတို့ကြောင့် ဖြစ်၏။ တဏှာဖြစ်ရာ ထိုအကြောင်းဝတ္ထုတို့သည် ဤလေးပါးတို့တည်း၊ အဘယ်လေးပါးတို့နည်း-ရဟန်းတို့ ရဟန်းအား တဏှာဖြစ်သည်ရှိသော် သင်္ကန်းဟူသော အကြောင်းကြောင့် တဏှာဖြစ်၏။ ရဟန်းတို့ ရဟန်းအားတဏှာဖြစ်သည်ရှိသော် ဆွမ်းဟူသော အကြောင်းကြောင့် တဏှာဖြစ်၏။ ရဟန်းတို့ ရဟန်းအားတဏှာဖြစ်သည်ရှိသော် ကျောင်း အိပ်ရာ နေရာဟူသော အကြောင်းကြောင့် တဏှာဖြစ်၏။ ရဟန်းတို့ရဟန်းအား တဏှာဖြစ်သည်ရှိသော် မွန်မြတ်သည်ထက် မွန်မြတ်သော ထောပတ်ဆီဦးစသည့်ဆေးပစ္စည်းဟူသော အကြောင်းကြောင့် တဏှာဖြစ်၏။ ရဟန်းတို့ ရဟန်းအား တဏှာဖြစ်သည်ရှိသော်အကြင်အကြောင်းဝတ္ထုတို့ကြောင့် ဖြစ်၏။ တဏှာဖြစ်ရာ ထိုအကြောင်းဝတ္ထုတို့သည် ဤလေးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''တဏှာလျှင် အဖော်ရှိသော ယောကျာ်းသည် ရှည်ကြာစွာသော ကာလပတ်လုံး ကျင်လည်ရသည်ဖြစ်၍ဤလူ့အဖြစ် တစ်ပါးသော သတ္တဝါအဖြစ်ဟူသော သံသရာကို မလွန်မြောက်နိုင်။
သတိရှိသော ရဟန်းသည် ဆင်းရဲ၏ အကြောင်းဖြစ်သော ထိုတဏှာကို အပြစ်အားဖြင့် သိ၍တဏှာကင်းသောကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူတော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဆဋ္ဌသုတ်။