ဣတိဝုတ်ပါဠိတော်

၇-သဗြဟ္မကသုတ်

၁ဝ၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြကုန်၏။ ထိုအမျိုးတို့သည် ဗြဟ္မာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏။ ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြကုန်၏။ ထိုအမျိုးတို့သည် အိမ်ဦးနတ်နှင့်အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏။ ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြကုန်၏။ ထိုအမျိုးတို့သည် လက်ဦးဆရာနှင့် အတူတကွ နေကြရသူတို့ ဖြစ်ကုန်၏။ ရဟန်းတို့ အကြင်အမျိုးတို့၏သားသမီးတို့သည် အမိအဖတို့ကို မိမိအိမ်၌ ပူဇော်ထားကြကုန်၏။ ထိုအမျိုးတို့သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူတို့နှင့် အတူတကွ နေရသူတို့ဖြစ်ကုန်၏။

ရဟန်းတို့ ''ဗြဟ္မာ''ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ ''အိမ်ဦးနတ်''ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ရဟန်းတို့ ''လက်ဦးဆရာ''ဟူသော ဤအမည်သည် အမိ အဖတို့၏ အမည်တည်း၊ ရဟန်းတို့ ''အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူထိုက်သူ''ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့် နည်း၊ ရဟန်းတို့ အမိအဖတို့သည်သားသမီးတို့အား ကျေးဇူးများကုန်၏။ အသက်ကို စောင့်ရှောက်တတ်ကုန်၏။ ကျွေးမွေးတတ်ကုန်၏။ ဤလောကကို ပြတတ်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အမိအဖတို့ကိုသားသမီးတို့၏ ဗြဟ္မာဟူ၍လည်းကောင်း၊ အိမ်ဦးနတ်ဟူ၍လည်းကောင်း၊ လက်ဦးဆရာဟူ၍လည်းကောင်း၊ အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူခံထိုက်သူတို့ဟူ၍လည်းကောင်း ဆိုရကုန်၏။ သား သမီးတို့အား စောင့်ရှောက်တတ်ကုန်၏။

ထို့ကြောင့် ပညာရှိသည် ထိုအမိအဖတို့ကို ရှိခိုးရာ၏။ ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း၊ အဝတ်ဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ နံ့သာပျောင်းစသည်တို့ဖြင့် လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုရာ၏။

အမိအဖတို့၌ ထိုလုပ်ကျွေးခြင်းဖြင့် ထိုသူကို ဤဘဝ၌ပင် ပညာရှိတို့ ချီးမွမ်းကုန်၏။ တမလွန်ဘဝ၌ နတ်ပြည်သို့ ရောက်ကာ ဝမ်းမြောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။