ဣတိဝုတ်ပါဠိတော်
၈-ဗဟုကာရသုတ်
၁ဝ၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဆေးတည်းဟူသော အသုံးအဆောင်တို့ဖြင့် လုပ်ကျွေးကြကုန်သော ပုဏ္ဏားနှင့် အမျိုးသားတို့သည် သင်တို့အား ကျေးဇူးများကုန်၏။ ရဟန်းတို့ ထိုပုဏ္ဏားနှင့် အမျိုးသားတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောကြား၍ အလုံးစုံ ပြည့်စုံ၍ထက်ဝန်းကျင် စင်ကြယ်သောအကျင့်မြတ်ကို ပြကြသည့် သင်တို့သည်လည်း ထိုပုဏ္ဏားနှင့် အမျိုးသားတို့အား ကျေးဇူးများကုန်၏။ ရဟန်းတို့ ဤသို့လျှင် အချင်းချင်း အမှီပြုကြ၍ (သံသရာ) ဝဲသြဃမှထွက်မြောက်ခြင်းငှါ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ ဤမြတ်သောအကျင့်ကို ကောင်းစွာ ကျင့်သုံးအပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အိမ်ရာထောင်သူ အိမ်ရာမထောင်သူ လူနှင့်ရဟန်းနှစ်ဦးတို့သည် အချင်းအချင်းမှီကြကုန်၍ ယောဂလေးဖြာကုန်ရာဖြစ်သော အတုမရှိ မြတ်သောသူတော်ကောင်း တရားကို ပြီးစေနိုင်ကြကုန်၏။
အိမ်ရာထောင်သူ လူတို့ထံမှ အိမ်ရာမထောင်သူ ရဟန်းတို့သည် ဥတုဘေးရန်ကို ပယ်ဖျောက်တတ်သော သင်္ကန်းကိုလည်းကောင်း၊ ကျောင်းအိပ်ရာနေရာကိုလည်း၊ ကောင်း၊ ဆွမ်းနှင့် ဆေးပစ္စည်းကိုလည်းကောင်းခံယူကြကုန်၏။
အိမ်၌ နေလျက် စည်းစိမ်ဥစ္စာစသည်ကို ရှာမှီးကုန်သော လူတို့သည် အရိယာ ပုဂ္ဂိုလ်ကို အမှီပြု၍ဖြူစင်သော ပညာဖြင့် ရဟန္တာပုဂ္ဂိုလ်တို့အား ကြည်ညိုကြကုန်၍ သမထဝိပဿနာဖြင့် ရှုကြကုန်လျက်ဤဘဝ၌ သုဂတိရောက်ကြောင်း ဖြစ်သော လမ်းစဉ်တရားကို ကျင့်ကြကုန်ပြီးလျှင် နတ်ပြည်သို့ ရောက်ကာ နှစ်သက်ကြကုန်လျက် အလိုရှိရာ ကာမဝတ္ထုတို့နှင့် ပြည့်စုံကြ၍ ဝမ်းမြောက်ကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
အဋ္ဌမသုတ်။