ဣတိဝုတ်ပါဠိတော်

၉-ကုဟသုတ်

၁ဝ၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့အံ့သြဖွယ်ပြုတတ်သူ ခက်ထန်သူ ဖြားယောင်းပြောဆိုတတ်သူ ကိလေသာဦးချိုရှိကြသူသွေးကြီးကြသူ မတည်ကြည်သူ ရဟန်းဟူသမျှတို့သည် ငါဘုရား သားတော်ရဟန်းတို့ မဟုတ်ကုန်၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'မှ ကင်းဝေးကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ မရောက်နိုင်ကြကုန်၊ ရဟန်းတို့အံ့သြဖွယ် မပြုတတ်ကြသူ မဖြားယောင်းတတ်ကြသူ ပညာရှိသူ မခက်ထန်သူ ကောင်းစွာတည်ကြည်ကြသူ ရဟန်းဟူသမျှတို့သည် ငါဘုရား သားတော်ရဟန်းတို့ ဖြစ်ကုန်၏။ ရဟန်းတို့ထိုရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'မှ မကင်းဝေးကုန်၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းတို့သည်အံ့သြဖွယ် ပြုတတ်ကုန်၏။ ခက်ထန်ကုန်၏။ ဖြား ယောင်းပြောဆိုတတ်ကုန်၏။ ကိလေသာဦးချိုရှိကုန်၏။ သွေးကြီးကုန်၏။ မတည် ကြည်ကုန်၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားအပ်သော သာသနာတော်၌ မကြီးပွါးကုန်။

အကြင်ရဟန်းတို့သည်အံ့သြဖွယ် မပြုတတ်ကုန်၊ ဖြားယောင်းမှု မရှိကုန်၊ ပညာရှိကုန်၏။ မခက်ထန်ကုန်၊ ကောင်းစွာတည်ကြည်ကုန်၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော သာသနာတော်၌ ဧကန် ကြီးပွါးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။