ဣတိဝုတ်ပါဠိတော်
၁ဝ-နဒီသောတသုတ်
၁ဝ၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ရွှေ ငွေ ပတ္တမြားစသော ချစ်အပ်သော သာယာအပ်သော ဝတ္ထုသဘောဟူသော အကြောင်းကြောင့် မြစ်ရေအလျဉ်ဖြင့် ရေစုန်မျှောကာ လိုက်သွားရာ၏။ ကမ်း၌ တည်သော မျက်စိအမြင်ရှိသော (အခြား) ယောကျာ်းသည် ထိုယောကျာ်းကို မြင်၍ ဤသို့ ဆိုရာ၏''အမောင်ယောကျာ်း သင်သည် ရွှေ ငွေ ပတ္တမြားစသော ချစ်အပ် သာယာအပ်သော ဝတ္ထုသဘောဟူသော အကြောင်းကြောင့် မြစ်ရေ အလျဉ်ဖြင့် ရေစုန်မျှောကာ လိုက်စေကာမူ ဤမြစ်၏အောက်အရပ်၌ လှိုင်း တံပိုးရှိသော ဝဲရှိသော ဖမ်းယူတတ်သော ငါးမကရ်းရှိသော ဘီလူးရက္ခိုသ်ရှိသော ရေအိုင်သည် ရှိ၏။ အမောင်ယောကျာ်း သင်သည် ယင်းရေအိုင်သို့ ရောက်လျှင် သေခြင်းသို့ မူလည်းရောက်ရလတ္တံ့၊ သေ လောက်သော ဆင်းရဲသို့ မူလည်း ရောက်ရလတ္တံ့''ဟု (ဆိုရာ၏)၊ ရဟန်းတို့ထိုအခါ၌ ထိုယောကျာ်းသည် ထိုပြောသော ယောကျာ်း၏ အသံကို ကြားရသောကြောင့် လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း ရေညာဘက်သို့ ရောက်ရန်အားထုတ်ရာ၏။
ရဟန်းတို့ ငါဘုရားသည် အနက်ကို သိစေခြင်းငှါ ဤဥပမာကို ပြုအပ်၏။ ဤဆိုလတ္တံ့သည်ကားဤအရာ၌ အနက်တည်း- ရဟန်းတို့ ''မြစ်ရေအလျဉ်''ဟူသော ဤအမည်သည် တဏှာ၏ အမည်တည်း။
ရဟန်းတို့ ''ချစ်အပ်သော သာယာအပ်သော ဝတ္ထုသဘော''ဟူသော ဤအမည်သည် အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အမည်တည်း။
ရဟန်းတို့ ''အောက်အရပ်၌ ရေအိုင်''ဟူသော ဤအမည်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့၏အမည်တည်း။
ရဟန်းတို့ ''လှိုင်းတံပိုး''ဟူသော ဤအမည်သည် အမျက်ထွက်မှု 'ဒေါသ' ပင်ပန်းမှု 'ဥပါယာသ'၏အမည်တည်း။
ရဟန်းတို့ ''ဝဲ''ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်းတို့ ''ဖမ်းယူတတ်သော ငါး မကရ်း ဘီလူး ရက္ခိုသ်''ဟူသော ဤအမည်သည် မာတုဂါမ၏အမည်တည်း။
ရဟန်းတို့ ''ရေညာဘက်''ဟူသော ဤအမည်သည် ကာမမှ လွတ်မြောက်မှု 'နေက္ခမ္မ'၏ အမည်တည်း။
ရဟန်းတို့ ''လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်းအားထုတ်၏''ဟူသော ဤအမည်သည်အားထုတ်မှုလုံ့လ၏ အမည်တည်း။
ရဟန်းတို့ ''ကမ်း၌ တည်သော မျက်စိအမြင်ရှိသော ယောကျာ်း''ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်ကို နောင်အခါ ရခြင်းငှါ တောင့်တသောသူသည် အကျင့်ပဋိပတ်အားဖြင့်ဆင်းရဲနှင့်တကွဖြစ်သော်လည်း ကာမတို့ကို စွန့်ရာ၏။ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'နှင့် ပြည့်စုံ၍ဖလဝိမုတ္တိဖြင့် ကောင်းစွာ လွတ်သော စိတ်ရှိသူသည် ထိုထိုကာလ၌ နိဗ္ဗာန်သို့ ရောက်ရာ၏။ ထိုသူကို သစ္စာလေးပါးကို သိသူ ကျင့်သုံးပြီးသော မြတ်သောအကျင့်ရှိသူ လောက၏အဆုံးသို့ ရောက်သူနိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်သူဟူ၍ ဆိုအပ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်။
ဒသမသုတ်။