ဣတိဝုတ်ပါဠိတော်

၃-မက္ခပရိညာသုတ်

၁၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု 'မက္ခ'ကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု 'မက္ခ'ကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင် ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်မက္ခဖြင့် သူ့ကျေးဇူးကို ချေဖျက်သူတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမက္ခတရားကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမက္ခကို) ပယ်စွန့်ကုန်၏။ (ယင်းမက္ခတရားကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။