ဣတိဝုတ်ပါဠိတော်
၄-အဝိဇ္ဇာနီဝရဏသုတ်
၁၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ အကြင်နီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး သံသရာ၌ ပြေးသွားကျင်လည်ကြရကုန်၏။ ထိုနီဝရဏကား အဝိဇ္ဇာနီဝရဏပေတည်း။ ရဟန်းတို့အဝိဇ္ဇာ နီဝရဏမှတစ်ပါး သံသရာ၌ ပြေးသွားကျင်လည်စေတတ်သော အခြားနီဝရဏတစ်ခုကိုမျှလည်းငါဘုရား မြင်တော်မမူ၊မှန်၏ ရဟန်းတို့ အဝိဇ္ဇာနီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး သံသရာ၌ ပြေးသွားကျင်လည်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''အကြင် မောဟဟူသော အဝိဇ္ဇာနီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး (သံသရာ၌) ကျင်လည်ကြရကုန်၏။ ထိုမောဟဟူသော အဝိဇ္ဇာနီဝရဏကဲ့သို့ ပိတ်ပင်တတ်သော အခြားနီဝရဏ တစ်ခုမျှလည်း မရှိ။
အကြင် အရိယာသာဝကတို့သည် မောဟကို ပယ်စွန့်၍ အမိုက်တိုက်အစုကို ဖောက်ခွဲကုန်၏။ ထိုအရိယာသာဝကတို့သည် သံသရာ၌ တစ်ဖန် မကျင်လည်ရကုန်။ ထိုအရိယာသာဝကတို့အား (သံသရာ၌ တစ်ဖန် ကျင်လည်ရန်) အကြောင်း တရား မရှိတော့ပေ''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
စတုတ္ထသုတ်။