ဣတိဝုတ်ပါဠိတော်

၅-တဏှာသံယောဇနသုတ်

၁၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်သံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး (သံသရာ၌) ပြေးသွားကျင်လည်ကြရကုန်၏။ ထိုသံယောဇဉ်ကား တဏှာသံယောဇဉ်ပေတည်း။ ရဟန်းတို့ တဏှာသံယောဇဉ်မှတစ်ပါး သံသရာ၌ ပြေးသွားကျင်လည်စေတတ်သော အခြားသံယောဇဉ်တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊မှန်၏ ရဟန်းတို့ တဏှာသံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး (သံသရာ၌) ပြေးသွားကျင်လည်ကြရကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တဏှာလျှင် အဖော်ရှိသော ယောကျာ်းသည် ရှည်ကြာစွာသော ကာလပတ်လုံး ကျင်လည်ရသည်ဖြစ်၍လူ့ဘဝ, တစ်ပါးသော ဘဝဟူသော သံသရာကို မလွန် မြောက်နိုင်။

သတိရှိသော ရဟန်းသည် ဆင်းရဲ၏အကြောင်းဖြစ်သော ထိုတဏှာကို အပြစ်အားဖြင့် သိ၍တဏှာကင်းသောကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူတော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။