ဣတိဝုတ်ပါဠိတော်
၁၂-ဒိဋ္ဌိဂတသုတ်
၄၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ နှစ်ပါးသော ဒိဋ္ဌိအယူတို့ဖြင့် နှိပ်စက်ခံရသော နတ်လူအချို့တို့သည် တွန့်တိုဆုတ်နစ်ကုန်၏။ အချို့တို့သည်ကား လွန်၍ ပြေးသွားကုန်၏။ စက္ခုအမြင်ရှိသူတို့သည်ကား မဇ္ဈိမပဋိပဒါဖြင့် မျက့်မှောက်ပြုနိုင်ကုန်၏။
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်သနည်း? ရဟန်းတို့ နတ်လူတို့သည် ဘဝလျှင် မွေ့လျော်ရာ ရှိကုန်၏။ ဘဝ၌ မွေ့လျော်တတ်ကုန်၏။ ဘဝ၌ နှစ်သက်တတ်ကုန်၏။ ထိုသူတို့အား ဘဝချုပ်ရန်အတွက် တရားဟောပြောသည်ရှိသော် စိတ်သည် မသက်ဝင် မကြည်လင် ကောင်းစွာ မတည် နှလုံးမသွင်း၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်၏။
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်သနည်း? အချို့သူတို့သည် ဘဝဖြင့်ပင် ငြီးငွေ့ကုန် ဘဝမှ ရှက်နိုးကုန် ဘဝ၌ စက်ဆုပ်ကုန်သည်ဖြစ်၍ ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကုန်၏။ အချင်းတို့ အကြင့်ကြောင့် ဤအတ္တသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ပြတ်၏။ ပျက်စီး၏။ သေသည်မှ နောက်၌ မဖြစ်တော့၊ ဤတရားသည် ငြိမ်း၏။ ဤတရားသည် မြတ်၏။ ဤတရားသည် မဖောက်မပြန်မှန်ကန်သော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်၏။
ရဟန်းတို့ အဘယ်သို့လျှင် စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်သနည်း? ဤသာသနာတော်၌ ရဟန်းသည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်၏။ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင်သူတို့သည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို လွန်မြောက်လျက် ဘဝတဏှာကုန်ခြင်းကြောင့် ဟုတ်မှန်သော နိဗ္ဗာန်ကို (အာရုံပြု၍) ကိလေသာမှ လွတ်မြောက်ကုန်၏။
ခန္ဓာငါးပါးကို ပိုင်းခြား၍သိသော ဘဝကြီးငယ်၌ တဏှာကင်းသော ထိုရဟန်းသည် ခန္ဓာငါးပါး၏မဖြစ်ခြင်းကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒွါဒသမသုတ်။
ဒုတိယဝဂ် ပြီး၏။
ဒုကနိပါတ် မြန်မာပြန် ပြီး၏။