ဣတိဝုတ်ပါဠိတော်
၁၁-အာပါယိကသုတ်
၄၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဤဆိုလတ္တံ့သော အကြောင်းတရားနှစ်ပါးကို မပယ်နိုင်၍ အပါယ်၌ ဖြစ်ရမည့် ငရဲ၌ ဖြစ်ရ မည့်ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း။ အဘယ်နှစ်ယောက်တို့နည်း- အကြင်သူသည်ကား မြတ်သောအကျင့်ကို မကျင့်ဘဲလျက် မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံ၏။ အကြင်သူသည်ကား ထက်ဝန်းကျင်ပြည့်စုံ၍ ဖြူစင်သော မြတ်သောအကျင့်ကို ကျင့်သောသူကို အခြေအမြစ်မရှိသော မမြတ်သောအကျင့်ဖြင့် စွပ်စွဲနှိပ်စက် ဖျက်ဆီး၏။ ရဟန်းတို့ ဤယုတ်မာသောတရားတို့ကို မပယ်နိုင်၍ အပါယ်၌ ဖြစ်ရမည့်ငရဲ၌ ဖြစ်ရမည့် ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက် သဘောကို -
''မဟုတ်မမှန်ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ (မိမိ) ပြုလုပ်လျက် မပြုမလုပ်ဟု ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ ထိုသူနှစ်ယောက်တို့သည်လည်း ယုတ်သော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ ငရဲခံရခြင်း တူကုန်၏။
ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ်နှုတ်နှလုံးကို) မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။
သီလလည်းမရှိ၊ ကိုယ်နှုတ်နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့သဒ္ဓါကြည်ဖြူပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဧကာဒသမသုတ်။