ဣတိဝုတ်ပါဠိတော်

၁ဝ-ဇာဂရိယသုတ်

၄၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းသည် နိုးကြားမှုနှင့်ယှဉ်သူ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသူတည်ကြည်မှု 'သမာဓိ' ရှိသူ ဝမ်းမြောက်မှုများသူ ကောင်းစွာ ကြည်လင်သူ ဖြစ်၍လည်း နေရာ၏။ ထိုကမ္မဋ္ဌာန်းအားထုတ်ရာဝယ် ကုသိုလ်တရားတို့၌ အခါအားလျော်စွာ အထူးရှုလျက်လည်း နေရာ၏။ ရဟန်းတို့ နိုးကြားမှုနှင့်ယှဉ်သူ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသူတည်ကြည်မှု 'သမာဓိ' ရှိသူ ဝမ်းမြောက်မှုများသူ ကောင်းစွာ ကြည်လင်သူ ထိုကမ္မဋ္ဌာန်းအားထုတ်ရာဝယ် ကုသိုလ်တရားတို့၌ အခါအားလျော်စွာ အထူးရှုလျက်နေသူ ရဟန်းအားအရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာအကြွင်းရှိ သေးမူ အနာဂါမိဖိုလ်ကိုလည်းကောင်းဤနှစ်ပါးသော ဖိုလ်တို့တွင် တစ်ပါးပါးသော ဖိုလ်ကို ယခုဘဝ၌ပင် မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နိုးကြားကြကုန်သော သင်တို့သည် ဤငါ၏ စကားကို နာကြကုန်လော့၊ အိပ်ပျော်နေကြကုန်သော သင်တို့သည် နိုးကြားကြကုန်လော့၊ အိပ်ပျော်ခြင်းထက် နိုးကြားခြင်းသည် မြတ်၏။ နိုးကြားသောသူအားဘေးမရှိ။

အကြင်သူသည် နိုးလည်းနိုးကြား၏။ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'လည်း ရှိ၏။ တည်ကြည်မှု 'သမာဓိ'လည်း ရှိ၏။ ဝမ်းမြောက်မှုများ၍ ကြည်လင်သော စိတ်လည်း ရှိ၏။ ထိုသူသည် အခါအားလျော်စွာ အသင့်အားဖြင့် တရားကို စူးစမ်းရှာဖွေလျက်ငြိမ်သက်တည်ကြည်သည့်အဖြစ်သို့ ရောက်ကာ အဝိဇ္ဇာဟူသော အမိုက်တိုက်ကို ပယ်ဖျောက်နိုင်ရာ၏။

ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏။ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ဈာန်ရသော ရဟန်းသည် ပဋိသန္ဓေနေခြင်းအိုခြင်း၏ (အကြောင်း) သံယောဇဉ်ကို ဖြတ်တောက်၍ ဤဘဝ၌ပင် အတုမရှိမြတ်သော အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။