ဣတိဝုတ်ပါဠိတော်
၂-ဓာတုသုတ်
၅၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ဓာတ်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ရူပဓာတ် အရူပဓာတ်နိရောဓဓာတ်တို့တည်း။ ရဟန်းတို့ ဓာတ်တို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင်သူတို့သည် ရူပဓာတ်ကို ပိုင်းခြားသိ၍ အရူပဓာတ်တို့၌ မကပ်ငြိဘဲ နိရောဓဓာတ်၌ အာရုံပြုကာ အရိယမဂ်ဖြင့် ကိလေသာမှ လွတ်ကုန်၏။ ထိုသူတို့သည် သေခြင်းမှ လွန်မြောက်ကုန်၏။
အာသဝေါကင်းတော်မူပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့၏ စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက် မှောက်ပြုပြီးလျှင် စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော နိဗ္ဗာန်တရားကို ဟောတော်မူ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒုတိယသုတ်။