သံယုတ္တနိကာယ်—၁
၄—သတုလ္လပကာယိကဝဂ်
၃—သာဓုသုတ်
၃၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ သူတော်ကောင်းတို့၏ တရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ ဝန်တိုမှု ‘မစ္ဆေရ’ ကြောင့်လည်းကောင်း၊ မေ့လျော့မှု ‘ပမာဒ’ ကြောင့်လည်းကောင်း ဤသို့သော အကြောင်း ကြောင့် အလှူ ‘ဒါန’ ကို မပေးလှူနိုင်။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသာ ပေးလှူနိုင်၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ စင်စစ်သော်ကား အနည်း ငယ်မျှသော်လည်း ပေးလှူခြင်းသည် ကောင်း၏၊ အချို့သူတို့သည် အနည်းငယ်မျှ သော လှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံ သူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ် ၌ ခွဲခြမ်းဝေဖန်၍ ပေးလှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အမျှ နှိုင်းယှဉ် အပ်၏”ဟု (ဥဒါန်းကျူးရင့််)၏—
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏။
ပေးလှူခြင်းသည်လည်းကောင်း၊ စစ်ထိုးခြင်းသည်လည်းကောင်း တူမျှ၏ဟု ဆို ကုန်၏။ သူတော်ကောင်းတို့သည် အနည်းငယ်မျှ ဖြစ်ကုန်သော်လည်း များစွာသော သူတို့ကို အောင်မြင်ကုန်၏၊ (အကြင်သူသည်) ယုံကြည်သည် ဖြစ်၍ အနည်းငယ်မျှ ကိုသော်လည်း အကယ်၍ ပေးလှူအံ့၊ ထို့ကြောင့်သာလျှင် ထိုသူသည် တမလွန် ဘဝ၌ ချမ်းသာခြင်းရှိ၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏။
အကြင်ပုဂ္ဂိုလ်သည် ထကြွလုံ့လဝီရိယဖြင့် ရအပ်သော ပစ္စည်းဥစ္စာဖြင့်, ရအပ်ပြီး သော လောကုတ္တရာတရားရှိသူအား အလှူဒါနကို ပေးလှူ၏၊ ထိုသတ္တဝါသည် ယမ မင်း၏ ကြိမ်ပိုက်ချောင်းငရဲကို လွန်မြောက်၍ နတ်၌ဖြစ်သော ဘုံတို့သို့ ကပ်ရောက် ရ၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်းကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏၊ စင်စစ်သော်ကား ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်းကောင်း၏။
ရွေးချယ် စိစစ်၍ ပေးလှူခြင်းကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူအပ်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့တို့ကဲ့သို့ ထို့အတူ ဤသတ္တလောက၌ မြတ်သော အလှူကို ခံထိုက်ကုန်သော ပုဂ္ဂိုလ်တို့အား ပေးလှူ အပ်ကုန်သော အလှူတို့သည် များသော အကျိုးရှိကုန်၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်းကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏၊ ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်းကောင်း၏။
အကြင်သူသည် သတ္တဝါတို့ကို မညှဉ်းဆဲမူ၍ ကျင့်၏၊ စင်စစ်သော်ကား ထိုသူ၏ သတ္တဝါတို့၌ မညှဉ်းဆဲမှု ‘သံယမ’သည် ကောင်းသည်သာတည်း၊ သတ္တဝါတို့သည် သူတစ်ပါး ကဲ့ရဲ့စွပ်စွဲမှုမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုကြကုန်၊ (မကောင်းမှုမှ) ကြောက်တတ်သူကို (သူတော်ကောင်းတို့) ချီးမွမ်းကုန်၏၊ ထို မကောင်းမှု၌ ရဲရင့်သူကို မချီးမွမ်းကြကုန်။ မှန်၏၊ သူတော်ကောင်းတို့သည် (သူတစ်ပါးတို့ ကဲ့ရဲ့စွပ်စွဲမှုမှ) ကြောက်သောကြောင့် မကောင်းမှုကို မပြုကုန်”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် “မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို့အပ်သည် မည်ပါသနည်း”ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကိုလည်း) နာကြ ကုန်လော့—
“ယုံကြည်မှုဖြင့် ပေးလှူခြင်းကို များသောအပြားဖြင့် ချီးမွမ်းအပ်၏၊ စင်စစ် သော်ကား ပေးလှူခြင်းထက် (နိဗ္ဗာန်) တရားအစုသည်သာလျှင် အထူးသဖြင့် ချီးမွမ်း အပ်မြတ်၏။ မှန်၏၊ ရှေး၌လည်းကောင်း၊ ထို့ထက်အလွန် ရှေး၌လည်းကောင်း ပညာရှိ သူတော်ကောင်းတို့သည် နိဗ္ဗာန်သို့သာလျှင် ကပ်ရောက်ကုန်၏”ဟု (မိန့်တော်မူ၏)။