သံယုတ္တနိကာယ်—၁

၅—အာဒိတ္တဝဂ်

၉—မစ္ဆရိသုတ်

၄၉။ ဤလောက၌ အကြင်လူတို့သည် ဝန်တိုကုန်၏၊ စဉ်းလဲကုန်၏၊ ခြိမ်းခြောက် တတ်ကုန်၏၊ ပေးလှူကုန်သော တစ်ပါးသော သူတို့အား အန္တရာယ်ကို ပြုတတ် ကုန်၏။

ထိုသူတို့၏ အကျိုးသည် အဘယ်သို့ သဘောရှိပါသနည်း၊ တမလွန်ဘဝသည်လည်း အဘယ်သို့ သဘောရှိပါသနည်း၊ အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါ လာ ပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုအကြောင်းကို အဘယ်သို့ သိရကုန်အံ့နည်းဟု (မေးလျှောက်၏)။

ဤလောက၌ အကြင်လူတို့သည် ဝန်တိုကုန်၏၊ စဉ်းလဲကုန်၏၊ ခြိမ်းခြောက်တတ် ကုန်၏၊ ပေးလှူကုန်သော တစ်ပါးသော သူတို့အား အန္တရာယ်ကို ပြုတတ်ကုန်၏။

ထိုလူတို့သည် ငရဲသို့လည်းကောင်း၊ တိရစ္ဆာန်မျိုးသို့လည်းကောင်း၊ ယမမင်း၏ နိုင်ငံသို့လည်းကောင်း ရောက်ရကုန်၏။ အကယ်၍ လူ၏အဖြစ်သို့ ရောက်ကုန်သည် ဖြစ်အံ့၊ ဆင်းရဲသော အမျိုး၌ ဖြစ်ရကုန်၏။

ယင်းအမျိုး၌ အဝတ်ကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ရွှင်မြူးခြင်းကိုလည်းကောင်း ငြိုငြင်သဖြင့် ရအပ်၏။ သူမိုက်တို့ သည် သူတစ်ပါးထံမှ (ဥစ္စာကို) တောင့်တကုန်၏၊ ထိုသူတို့အား ထိုဥစ္စာကိုလည်း မရအပ်၊ ထိုအကျိုးသည် မျက်မှောက်ဘဝအကျိုးတည်း၊ တမလွန်ဘဝ၌ကား မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဤသို့ ထိုအနက်သဘောကို အကျွန်ုပ်တို့သည် သိပါကုန်၏၊ အသျှင်ဂေါတမ (အသျှင့်အား) တစ်ပါးသော ပြဿနာကို မေးပါကုန်၏၊ အကြင်သူတို့သည်လည်း လူ၏အဖြစ်ကို ရကုန်၍ (အလှူခံပုဂ္ဂိုလ်ကို) သိတတ်ကုန်၏၊ ဝန်တိုခြင်း ကင်းကုန်၏။

ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ကြည်ညို ကုန်၏၊ အလွန်အကဲ ရိုသေခြင်း ရှိကုန်၏။ ထိုသူတို့၏ အကျိုးသည် အဘယ်သို့ သဘောရှိပါသနည်း၊ တမလွန်ဘဝသည်လည်း အဘယ်သို့ သဘောရှိပါသနည်း၊ အသျှင်ဘုရားကို မေးခြင်းငှါ ရောက်လာပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုအကြောင်း ကို အဘယ်သို့ သိရအံ့နည်းဟု (မေးလျှောက်၏)။

အကြင်သူတို့သည်လည်း လူ၏အဖြစ်ကို ရကုန်သည်ဖြစ်၍ (အလှူခံပုဂ္ဂိုလ်ကို) သိတတ်ကုန်၏၊ ဝန်တိုခြင်း ကင်းကုန်၏။ ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ကြည်ညိုကုန်၏၊ အလွန်အကဲ ရိုသေခြင်း ရှိကုန်၏။ ထိုသူတို့သည် နတ်ပြည်၌ ဖြစ်ကုန်သော် ဗိမာန်ရောင်ဖြင့် ထွန်းတောက်ပကုန်၏။

လူ၏အဖြစ်သို့ အကယ်၍ ရောက်ကုန်သော် ကြွယ်ဝသော အမျိုး၌ ဖြစ်ရကုန်၏။ ယင်းအမျိုးတို့၌ အဝတ်ကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ရွှင်မြူးခြင်းကိုလည်းကောင်း မပင်ပန်းဘဲ ရကုန်၏။

သူတစ်ပါးတို့သည် စုဆောင်းအပ်ကုန်သော ဥစ္စာတို့၌ မိမိအလိုသို့ ပါသည်ဖြစ်၍ သာလျှင် ဝမ်းမြောက်ရကုန်၏၊ ထိုအကျိုးသည် မျက်မှောက်ဘဝ အကျိုးတည်း၊ တမလွန်ဘဝ၌လည်း နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။