သံယုတ္တနိကာယ်—၁၂
၁—ဗုဒ္ဓဝဂ်
၁ဝ—ဂေါတမသုတ်
၁ဝ။ ရဟန်းတို့ သစ္စာလေးပါးကို မသိမီ သစ္စာလေးပါးတရားကို မသိသေးသော ဘုရားလောင်း သာလျှင် ဖြစ်သော ငါ့အား ဤအကြံသည် ဖြစ်၏— “ဤသတ္တလောကသည် ဆင်းရဲခြင်းသို့ ရောက်လေစွ့တကား၊ ပဋိသန္ဓေလည်း နေရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ စုတေလည်း စုတေရ၏၊ တစ်ဖန်ပဋိသန္ဓေလည်း နေရ၏၊ ထိုသို့ဖြစ်လျက် အိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာကို မသိနိုင်၊ အဘယ်အခါမှ ဤအိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာသည် ထင်ရှားပါမည်နည်း”ဟု အကြံဖြစ်၏။
ရဟန်းတို့ ထိုငါ့အား “အဘယ်တရားရှိသော် အိုမှုဇရာ, သေမှုမရဏ ဖြစ်သနည်း၊ အဘယ်တရား အကြောင်းခံကြောင့် အိုမှုဇရာ, သေမှုမရဏ ဖြစ်သနည်း”ဟု ဤသို့ အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပဋိသန္ဓေနေမှု ‘ဇာတိ’ ရှိသော် အိုမှုဇရာ, သေမှုမရဏ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှုဇရာ, သေမှုမရဏ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။
ရဟန်းတို့ ထိုငါ့အား “အဘယ်တရားရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်သနည်း။ပ။ ဘဝ။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’။ တပ်မက်မှု ‘တဏှာ’။ ခံစားမှု ‘ဝေဒနာ’။ တွေ့ထိမှု ‘ဖဿ’။ တည်ရာ ‘အာယတန’ခြောက် ပါး “သဠာယတန”။ နာမ်ရုပ်။ သိမှု ‘ဝိညာဏ်’။ ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်သနည်း၊ အဘယ်အကြောင်း ခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်သနည်း”ဟု ဤအကြံသည် ဖြစ်၏၊ ရဟန်းတို့ ထိုငါ့အား သင့် လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “မသိမှု ‘အဝိဇ္ဇာ’ ရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်း သည် ဖြစ်၏။ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။
ရဟန်းတို့ “ဖြစ်ပေါ်၏ ဖြစ်ပေါ်၏”ဟု ရှေးက မကြားဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိ သည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု ‘ပညာ’သည် ထင်ရှား ဖြစ်ပေါ်၏၊ ထိုးထွင်းသိမှု ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း ‘အာလောက’ သည် ထင်ရှား ဖြစ်ပေါ်၏။
ရဟန်းတို့ ထိုငါ့အား “အဘယ်တရား မရှိသော် အိုမှုဇရာ, သေမှုမရဏ မဖြစ်သနည်း၊ အဘယ် တရား ချုပ်ခြင်းကြောင့် အိုမှုဇရာ, သေမှုမရဏ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပဋိသန္ဓေနေမှု ‘ဇာတိ’မရှိသော် အိုမှုဇရာ, သေမှု မရဏ မဖြစ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှုဇရာ, သေမှုမရဏ ချုပ်၏”ဟု ပညာဖြင့် ထိုး ထွင်း၍ သိခြင်းသည် ဖြစ်၏။
ရဟန်းတို့ ထိုငါ့အား “အဘယ်တရား မရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ မဖြစ်သနည်း။ပ။ ဘဝ။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’။ တပ်မက်မှု ‘တဏှာ’။ ခံစားမှု ‘ဝေဒနာ’။ တွေ့ထိမှု ‘ဖဿ’။ တည်ရာ ‘အာယတန’ ခြောက်ပါး “သဠာယတန”။ နာမ်ရုပ်။ သိမှု ‘ဝိညာဏ်’။ ပြုစီရင်မှု ‘သင်္ခါရ’တို့ မဖြစ်ကုန်သနည်း၊ အဘယ် တရား ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “မသိမှု ‘အဝိဇ္ဇာ’ မရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ သည် မဖြစ်ကုန်၊ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏”ဟု ပညာဖြင့် ထိုး ထွင်း၍ သိခြင်းသည် ဖြစ်၏။
ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်၏။ ရဟန်းတို့ “ချုပ်၏ ချုပ်၏”ဟု ရှေးက မကြားဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု ‘ပညာ’သည် ထင်ရှားဖြစ် ပေါ်၏၊ ထိုထွင်းသိမှု ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း ‘အာလောက’သည် ထင်ရှားဖြစ်ပေါ်၏။
ဒသမသုတ်။
ရှေးဦးစွာသော ဗုဒ္ဓဝဂ် ပြီး၏။