သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၂—ကဠာရသုတ်

၃၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဠာရခတ္တိယမည်သော ရဟန်းသည် အသျှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတ္တရာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြော ဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတ္တရာအား ဤစကားကို လျှောက်၏၊ “ငါ့သျှင်သာရိပုတ္တရာ မောဠိယဖဂ္ဂုနမည်သော ရဟန်း သည် သိက္ခာကို ချ၍ လူထွက်၏”ဟု လျှောက်၏၊ ထိုအသျှင်သည် ဤဓမ္မဝိနယ (သာသနာတော်) ၌ သက်သာရာကို မရခဲ့လေတကားဟု မိန့်တော်မူ၏၊ သို့ဖြစ်လျှင် အသျှင်သာရိပုတ္တရာသည် ဤဓမ္မဝိနယ (သာသနာတော်) ၌ သက်သာရာကို ရပါသလောဟု (မေးလျှောက်ပြန်၏)၊ ငါ့သျှင် ငါသည် ယုံမှားမရှိဟု (မိန့်ဆို၏)၊ ငါ့သျှင် နောင်အခါ၌လည်း သက်သာရာ ရပါမည်လောဟု လျှောက်ပြန်၏၊ ငါ့သျှင် ငါသည် တွေးတောခြင်း မရှိဟု (မိန့်ဆို၏)၊ ထိုအခါ ကဠာရခတ္တိယမည်သော ရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤသို့သော စကားကို လျှောက်၏ — “အသျှင်ဘုရား အသျှင်သာရိပုတ္တရာသည် ‘ပဋိသန္ဓေနေမှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားပါ၏”ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း သင်သည် လာခဲ့လော့၊ ငါဘုရား၏ စကားဖြင့် ‘ငါ့သျှင်သာရိပုတ္တရာ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏’ဟု ဆို၍ သာရိပုတ္တရာကို ခေါ် ချေလော့”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ဝန်ခံပြီး လျှင် အသျှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတ္တရာကို “ငါ့သျှင်သာရိပုတ္တရာ မြတ်စွာဘုရား သည် သင့်ကို ခေါ်တော်မူ၏”ဟု ဤစကားကို လျှောက်၏၊ “ငါ့သျှင် ကောင်းပြီ”ဟု အသျှင်သာရိပုတ္တရာ သည် ထိုရဟန်းအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိးခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သာရိပုတ္တရာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ “သာရိ ပုတ္တရာ သင်သည် ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊့ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ ဟူသည် မှန်သလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် အဓိပ္ပါယ်ကို (တိုက်ရိုက်) မဆိုပါဟု လျှောက်၏၊ သာရိပုတ္တရာ မည်သည့်ပရိယာယ်မျိုးဖြင့်မဆို အမျိုးကောင်းသားသည် အရဟတ္တဖိုလ်ကို ပြောကြား၏၊ မည့်သို့ပင်ဖြစ်စေ ပြောကြားသည်ကို ပြောကြားသောအားဖြင့် မှတ်အပ်၏ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည်လည်း “ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် အဓိပ္ပါယ်ကို (တိုက်ရိုက်) မသိပါဟု ဤသို့ လျှောက်ထားပြီးသည် မဟုတ်ပါလော”ဟု လျှောက်၏။

“ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိသောကြောင့် အဘယ်သို့ မြင်သောကြောင့် ‘ပဋိသန္ဓေ နေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်း”ဟု သင့်ကို မေးကြမူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မေးတော်မူ၏။ “ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိ သောကြောင့် အဘယ်သို့ မြင်သောကြောင့် ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်း”ဟု အကျွန်ုပ်ကို မေးကြကုန်မူ အကျွန်ုပ်သည် ဤဆိုလတ္တံ့သော အတိုင်း ဖြေကြားပါအံ့။ “ငါ့သျှင်တို့ အကြင်အကြောင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ထိုအကြောင်း၏ ကုန်ခြင်းကြောင့် (ပဋိသန္ဓေနေမှု) ကုန်ရာ၌ (ငါသည် ပဋိသန္ဓေနေမှု) ကုန်ပြီဟူ၍ သိအပ်ပြီ၊ (ငါသည် ပဋိသန္ဓေနေမှု) ကုန်၏ဟူ၍ သိပြီးသော် ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိပါ၏’ဟု အကျွန်ုပ်သည် ဤသို့ ဖြေကြားပါအံ့”ဟု လျှောက်၏။

“ငါ့သျှင်သာရိပုတ္တရာ ပဋိသန္ဓေနေမှု ‘ဇာတိ’သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ် တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်ကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း”ဟု ဤသို့ သင့်ကို မေးကြကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏၊ “ငါ့သျှင် သာရိပုတ္တရာ ပဋိသန္ဓေနေမှု ‘ဇာတိ’ သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း။ပ။ အဘယ်တရားလျှင် အမွန်အစရှိသနည်း”ဟု ဤသို့ မေးကြကုန်မူ “ငါ့သျှင်တို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ သည် ဘဝလျှင် အ ကြောင်းရှိ၏၊ ဘဝလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဘဝကြောင့် ဖြစ်၏၊ ဘဝလျှင် အမွန်အစရှိ၏”ဟူ၍ အကျွန်ုပ် သည် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

“ငါ့သျှင်သာရိပုတ္တရာ ဘဝသည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ် ပေါ်ကြောင်းရှိသနည်း၊ အဘယ်ကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း”ဟု မေးကြ ကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မေးတော်မူ၏။ “အသျှင်ဘုရား ငါ့သျှင်သာရိပုတ္တရာ ဘဝ သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ် ကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း”ဟု မေးကြကုန်မူ “ငါ့သျှင်တို့ ဘဝသည် ဥပါဒါန်လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဥပါဒါန်ကြောင့် ဖြစ်၏၊ ဥပါဒါန်လျှင် အမွန်အစရှိ၏”ဟူ၍ အကျွန်ုပ်သည် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

“ငါ့သျှင်သာရိပုတ္တရာ စွဲလမ်းမှု ‘ဥပါဒါန်’ သည်။ပ။ ဤသို့ သင့်ကို မေးကြကုန်မူ သာရိပုတ္တရာ “ငါ့သျှင်သာရိပုတ္တရာ တပ်မက်မှု ‘တဏှာ’သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရား လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း”ဟု သင့်ကို မေးကြကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ငါ့သျှင်သာရိပုတ္တရာ တပ်မက်မှု ‘တဏှာ’သည် အဘယ်တရားလျှင် အကြောင်းရှိသ နည်း၊့အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားကြောင့် ဖြစ်သနည်း၊ အဘယ်တရား လျှင် အမွန်အစရှိသနည်း”ဟူ၍ မေးကြကုန်မူ “ငါ့သျှင်တို့ တပ်မက်မှု ‘တဏှာ’သည် ဝေဒနာလျှင် အ ကြောင်းရှိ၏၊ ဝေဒနာလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ ဝေဒနာကြောင့် ဖြစ်၏၊ ဝေဒနာလျှင် အမွန်အစရှိ၏”ဟူ၍ အကျွန်ုပ်သည် ဤသို့ ဖြေကြားပါအံ့၊ ဤသို့ မေးသည်ရှိသော် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

“ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိသောကြောင့် အဘယ်သို့ မြင်သောကြောင့် ဝေဒနာတို့၌ နှစ်သက်ခြင်း မထင်ပါသနည်း”ဟု ဤသို့ မေးကြကုန်မှု သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏။ “ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ သိသောကြောင့် အဘယ်သို့ မြင်သောကြောင့် ဝေဒနာတို့၌ နှစ်သက်ခြင်း မထင်ပါသနည်း”ဟု ဤသို့ မေးကြကုန်မူ “ငါ့သျှင်တို့ ခံစားမှု ‘ဝေဒနာ’တို့ သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်းဟူမူ— သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာတို့တည်း။ ငါ့သျှင်တို့ ဤဝေဒနာသုံးပါးတို့သည် စင်စစ် မမြဲကုန်၊ အကြင်တရားသည် မမြဲ၊ ထိုတရား သည် ဆင်းရဲဒုက္ခတည်း၊ ဤသို့ သိသည်ရှိသော် ဝေဒနာတို့၌ နှစ်သက်ခြင်း မထင်”ဟူ၍ အကျွန်ုပ် ဤသို့ ဖြေကြားပါအံ့၊ ဤသို့ မေးသည်ရှိသော် ဤသို့ ဖြေကြားပါအံ့ဟု လျှောက်၏။

သာရိပုတ္တရာ ကောင်းစွ ကောင်းစွ၊ “ဝေဒနာဟူသမျှ အားလုံးသည် ဒုက္ခဖြစ်၏”ဟူသော ဤစကား သည် ထိုတရား၏ အနက်ကိုပင် အကျဉ်းအားဖြင့် ဖြေကြားခြင်းငှါ အကြောင်းပရိယာယ်ပင် ဖြစ်၏။

ငါ့သျှင်သာရိပုတ္တရာ “သင်သည် အဘယ်သို့ လွတ်မြောက်ခြင်းကြောင့် ‘ပဋိသန္ဓေနေမှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိပြီဟု ဤသို့ သိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်း”ဟု မေးလာကြကုန်မူ သင် အဘယ်သို့ ဖြေကြားမည်နည်းဟု မိန့်တော်မူ၏။ “ငါ့သျှင်သာရိပုတ္တရာ သင်သည် အဘယ်သို့ လွတ်မြောက်ခြင်းကြောင့် ‘ပဋိသန္ဓေနေမှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသ နည်း”ဟု မေးလာကြကုန်မူ “ငါ့သျှင်တို့ ငါသည် အဇ္ဈတ္တသန္တာန်၌ ဖြစ်သော လွတ်မြောက်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသမျှ အားလုံးတို့၏ ကုန်ခြင်းကြောင့် အကြင်အခြင်းအရာအားဖြင့် သတိ ရှိသည်ဖြစ်၍ နေသော အကျွန်ုပ်ကို အာသဝေါတရားတို့သည် မစီးဝင်နိုင်ကုန်၊ မိမိကိုယ်ကိုလည်း အယုတ် အားဖြင့် မသိ၊ ထိုအခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသူ ဖြစ်၍ နေပါ၏”ဟုလျှောက်၏။

သာရိပုတ္တရာ ကောင်းစွ ကောင်းစွ၊ “သမဏဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားအပ် သော အာသဝတရားတို့၌ ငါ ယုံမှား မရှိ၊ ထိုအာသဝတရားတို့ကို ငါ ပယ်ပြီးပြီလောဟူ၍လည်း တွေး တောမှု မဖြစ်”ဟူသော ဤစကားသည် ထိုတရား၏ အနက်ကိုပင် အကျဉ်းအားဖြင့် ဖြေကြားခြင်းငှါ အကြောင်းပရိယာယ် ဖြစ်ပေ၏ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီး၍ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ အသျှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ရဟန်းတို့ကို မိန့်တော်မူ၏— “ငါ့သျှင်တို့ ဤအရာကို မေးလိမ့်မည်ဟု ကြိုတင်၍ မသိသေးသော ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို မေးတော်မူ၏၊ ထိုငါ့အား နှောင့်နှေးခြင်း ဖြစ်ခဲ့၏၊ ငါ့သျှင်တို့ ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို ဝမ်းမြောက်တော်မူ၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏၊ ‘တစ်နေ့ လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်နေ့လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုး တစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့။ တစ်ညဉ့်လုံး့လည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုးတစ်မျိုးသော ပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့။ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုး တစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့။ နှစ်ညဉ့်နှစ်နေ့တို့ ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေ ကြားအံ့။ပ။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေး ငြားအံ့။ပ။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ ငါးညဉ့် ငါးနေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ ခြောက်ညဉ့်ခြောက်နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား ထိုအနက်ကို အကယ်၍ မေးငြားအံ့။ပ။ ခြောက်ညဉ့်ခြောက် နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား ထိုအနက်ကို ဖြေကြားအံ့။ပ။ ခုနစ်ညဉ့်ခုနစ်နေ့တို့ ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခုနစ်ညဉ့်ခုနစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရားအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့’ဟု အကြံ သည် ဖြစ်၏”ဟု မိန့်ဆို၏။

ထိုအခါ ကဠာရခတ္တိယရဟန်းသည် နေရာမှ ထကာ မြတ်စွာဘုရားထံသို ချဉ်းကပ်၍ မြတ်စွာဘုရား ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အသျှင်သာရိပုတ္တရာသည် ခြင်္သေ့မင်း၏ ကြုံးဝါးခြင်းကဲ့သို့ ကြုံးဝါးပါ၏၊ ငါ့သျှင်တို့ ဤ အရာကို မေးလိမ့်မည်ဟု ကြိုတင်၍ မသိသေးသော ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို မေး တော်မူ၏၊ ထိုငါ့အား နှောင့်နှေးခြင်း ဖြစ်ခဲ့၏၊ ငါ့သျှင်တို့ ငါ့အား မြတ်စွာဘုရားသည် ပဌမပြဿနာကို ဝမ်းမြောက်တော်မူ၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ — ‘တစ်နေ့လုံးလည်း မြတ်စွာဘုရားသည် ငါ့အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်နေ့လုံးလည်း ငါသည် မြတ်စွာဘုရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့၊ တစ်ညဉ့်ပတ်လုံးလည်း။ပ။ တစ်ညဉ့်တစ် နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို။ပ။ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို။ပ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို။ပ။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း။ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း။ ခြောက်ညဉ့်ခြောက်နေ့တို့ပတ်လုံးလည်း။ ခုနစ်ညဉ့်ခုနစ်နေ့တို့ ပတ်လုံးလည်း မြတ်စွာဘုရားသည် ငါ့ကို တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခုနှစ်ညဉ့်ခုနှစ်နေ့တို့ပတ်လုံးလည်း ငါသည် မြတ်စွာဘုရား အား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားအံ့’ဟု အကြံသည် ဖြစ်၏ဟု ကြုံးဝါးပါ၏”ဟု (လျှောက်၏)။

ရဟန်း သာရိပုတ္တရာအား အကြင်ဓမ္မဓာတ်သာဝကပါရမီဉာဏ်၌ ထိုးထွင်း၍ သိသည်၏အဖြစ်ကြောင့် တစ်နေ့လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသော ပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်နေ့လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားရာ၏။ တစ် ညဉ့်ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသော ပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရား အား ထိုအနက်ကို ဖြေကြားရာ၏။ပ။ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ တစ်ညဉ့်တစ်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏။ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက် ကို အကယ်၍ မေးငြားအံ့၊ နှစ်ညဉ့်နှစ်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏။ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ သုံးညဉ့်သုံးနေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြား ရာ၏။ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေး ငြားအံ့၊ လေးညဉ့်လေးနေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏၊ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ငါးညဉ့်ငါးနေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏၊ ခြောက်ညဉ့် ခြောက်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခြောက်ညဉ့် ခြောက်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား ထိုအနက်ကို ဖြေကြားရာ၏၊ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံးလည်း ငါဘုရားသည် သာရိပုတ္တရာအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုး တစ်မျိုးသော ပရိယာယ်တို့ဖြင့် ထိုအနက်ကို အကယ်၍ မေးငြားအံ့၊ ခုနစ်ညဉ့်ခုနစ်နေ့တို့ပတ်လုံးလည်း သာရိပုတ္တရာသည် ငါဘုရားအား တစ်မျိုးတစ်မျိုးသောပုဒ်တို့ဖြင့် တစ်မျိုးတစ်မျိုးသောပရိယာယ်တို့ဖြင့် ထိုအနက်ကို ဖြေကြားရာ၏၊ ထိုဓမ္မဓာတ်သာဝကပါရမီဉာဏ်ကို ထိုးထွင်း၍ သိပြီဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်