သံယုတ္တနိကာယ်—၁၂
၄—ကဠာရခတ္တိယဝဂ်
၃—ဉာဏဝတ္ထုသုတ်
၃၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သင်တို့အား လေးဆယ့်လေးပါးကုန် သော ဉာဏ်ဟူသော တည်ရာ ‘ဉာဏဝတ္ထု’တို့ကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ —
ရဟန်းတို့ လေးဆယ့်လေးပါးကုန်သော ဉာဏ်ဟူသော တည်ရာ ‘ဉာဏဝတ္ထု’တို့သည် အဘယ်တို့ နည်း၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၌ သိသောဉာဏ်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ အိုခြင်း ‘ဇရာ’သေခြင်း ‘မရဏ’၏ ချုပ်ရာ၌ သိသောဉာဏ်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ ပဋိသန္ဓေနေမှု ‘ဇာတိ’၌ သိသောဉာဏ်၊ ပဋိသန္ဓေ နေမှု ‘ဇာတိ’ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’၏ ချုပ်ရာ၌ သိသောဉာဏ်၊ ပဋိသန္ဓေ နေမှု ‘ဇာတိ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ ဘဝ၌့သိသောဉာဏ်၊ ဘဝ၏ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ဘဝ၏ ချုပ်ရာ၌ သိသောဉာဏ်၊ ဘဝ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်၌ သိသောဉာဏ်။ ပြင်းစွာ စွဲလန်းမှု ‘ဥပါဒါန်’၌ သိသောဉာဏ်၊ ပြင်းစွာ စွဲလန်းမှု ‘ဥပါဒါန်’ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ပြင်းစွာ စွဲလန်းမှု ‘ဥပါဒါန်’၏ ချုပ်ရာ၌ သိသောဉာဏ်၊ ပြင်းစွာ စွဲလန်းမှု ‘ဥပါဒါန်’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၌ သိသောဉာဏ်။ တပ်မက်မှု ‘တဏှာ’၌ သိသော ဉာဏ်၊ တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ တပ်မက်မှု ‘တဏှာ’၏ ချုပ်ရာ၌ သိသော ဉာဏ်၊ တပ်မက်မှု ‘တဏှာ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ ခံစားမှု ‘ဝေဒနာ’၌ သိသောဉာဏ်၊ ခံစားမှု ‘ဝေဒနာ’ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ခံစားမှု ‘ဝေဒနာ’၏ ချုပ်ရာ၌ သိသောဉာဏ်၊ ခံစားမှု ‘ဝေဒနာ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်။ တွေ့ထိမှု ‘ဖဿ’၌ သိသောဉာဏ်။ပ။ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ၌ သိသောဉာဏ်။ နာမ်ရုပ်၌ သိသောဉာဏ်။ သိမှု ‘ဝိညာဏ်’၌ သိသောဉာဏ်။ ပြုစီရင်မှု ‘သင်္ခါရ’တို့၌ သိသောဉာဏ်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ပေါ်ကြောင်း၌ သိသောဉာဏ်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ရာ၌ သိသောဉာဏ်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို လေးဆယ့် လေးပါးကုန်သော ဉာဏ်ဟူသော တည်ရာ ‘ဉာဏဝတ္ထု’တို့ဟူ၍ ဆိုအပ်ကုန်၏။
ရဟန်းတို့ အိုခြင်း ‘ဇရာ’ , သေခြင်း ‘မရဏ’ဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့အား ထိုထို ဘုံဘဝ၌ အိုခြင်း အိုသည်၏ အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ဆုတ်ယုတ်ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုခြင်း ‘ဇရာ’ဟူ၍ ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏ အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း သေခြင်း ဘဝအဆုံးကို ပြုခြင်း ခန္ဓာတို့၏ ပျက်ခြင်း ကိုယ်ကောင်ကို ပစ်ချခြင်းဟူသော သဘောကို မရဏ ဟူ၍ ဆိုအပ်၏။ ဤသည်ကား အိုခြင်း ‘ဇရာ’တည်း၊ ဤသည်ကား သေခြင်း ‘မရဏ’တည်း။ ရဟန်းတို့ ဤသဘောတရားကို အိုခြင်း ‘ဇရာ’ , သေခြင်း ‘မရဏ’ဟု ဆိုအပ်၏။
ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ခြင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ဖြစ်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ မှန်ကန် သော အမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။
ရဟန်းတို့ အရိယာတပည့်သည် ဤသို့ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို သိ၏၊ ဤသို့ အိုခြင်း သေခြင်း၏ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ အိုခြင်းသေခြင်း၏ ချုပ်ရာကို သိ၏၊ ဤသို့ အိုခြင်းသေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဤသည်ကား ထိုအရိယာတပည့်၏ တရား၌ သိ သော ဉာဏ်တည်း၊ ထိုအရိယာတပည့်သည် မြင်အပ် သိအပ် အခါမလင့် အကျိုးကို ပေးတတ် ရောက်အပ် ဉာဏ်ဖြင့် သက်ဝင်၍ ယူအပ်သော ဤသစ္စာလေးပါးတရားတို့ဖြင့် အတိတ်အနာဂတ်၌ နည်းကို ဆောင်၏။
လွန်လေပြီးသော ‘အတိတ်’ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို သိကုန်၏၊ အိုခြင်းသေခြင်း၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ အိုခြင်းသေခြင်း၏ ချုပ်ရာကို သိကုန်၏၊ အိုခြင်း သေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ယခုအခါ၌ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကုန်၏။
နောင် ‘အနာဂတ်’ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို သိကုန် လတ္တံ့၊ အိုခြင်းသေခြင်း၏ ဖြစ်ပေါ်ကြောင်းကို သိကုန်လတ္တံ့၊ အိုခြင်းသေခြင်း၏ ချုပ်ရာကို သိကုန်လတ္တံ့၊ အိုခြင်းသေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏ့အားလုံးတို့သည် ယခုအခါ၌ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကြကုန်လတ္တံ့ဟု အတိတ်အနာဂတ်တို့၌ နည်းကို ဆောင်၏၊ ဤသည်ကား ထိုအရိယာတပည့်၏ (မဂ်ဉာဏ်သို့) အစဉ်လိုက်ခြင်း၌ ဖြစ်သော ဉာဏ် တည်း။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား (သစ္စာလေးပါး) တရား၌ သိသောဉာဏ်လည်းကောင်း၊ မဂ်ဉာဏ်သို့ အစဉ်လိုက်ခြင်း၌ သိသော (ပစ္စဝေက္ခဏာ) ဉာဏ်လည်းကောင်း ဤနှစ်ပါးသော ဉာဏ်တို့ သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏။ ရဟန်းတို့ ထိုအခါ ဤအရိယာတပည့်ကို “မှန်ကန်သောအယူနှင့် ပြည့်စုံသူ”ဟူ၍လည်းကောင်း၊ “မှန်ကန်သောဉာဏ်အမြင်နှင့် ပြည့်စုံသူ”ဟူ၍လည်းကောင်း၊ “ဤသူတော် ကောင်းတရားသို့ ရောက်လာသူ”ဟူ၍လည်းကောင်း၊ “ဤသူတော်ကောင်းတရားကို မြင်သူ”ဟူ၍လည်းကောင်း၊ “ကျင့်ဆဲ ‘သေက္ခ’ဉာဏ်နှင့် ပြည့်စုံသူ”ဟူ၍လည်းကောင်း၊ “ကျင့်ဆဲ ‘သေက္ခ’ဝိဇ္ဇာနှင့် ပြည့်စုံသူ” ဟူ၍လည်းကောင်း၊ “တရားအယဉ်သို့ ကောင်းစွာ ရောက်သူ”ဟူ၍လည်းကောင်း၊ “(ကိလေသာကို) ဖောက် ခွဲသော အရိယာပညာရှိ”ဟူ၍လည်းကောင်း၊ “အမြိုက်နိဗ္ဗာန် တံခါးဝသို့ ရောက်၍ တည်သူ”ဟူ၍လည်းကောင်း ဆိုအပ်၏။
ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ ရဟန်းတို့ ‘နာမ်ရုပ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြုပြင်စီရင် မှု ‘သင်္ခါရ’တို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် ကိုယ်ဖြင့် ပြုပြင်စီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ဖြင့် ပြုပြင်စီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုပြင်စီရင်မှု ‘စိတ္တသင်္ခါရ’တို့တည်း။ ရဟန်းတို့ ဤတရားတို့ကို သင်္ခါရတို့ဟူ၍ ဆိုအပ်ကုန်၏။
မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ပေါ်၏၊ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်တရားသည်ပင် ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို သိ၏၊ ဤသို့ ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာကို သိ၏၊ ဤသို့ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ဤသည်ကား ထိုအရိယာ တပည့်၏ သစ္စာလေးပါးတရား၌ သိသောဉာဏ်တည်း။ ထိုအရိယာတပည့်သည် မြင်အပ် သိအပ် အခါမလင့် အကျိုးကို ပေးတတ် ရောက်အပ် ဉာဏ်ဖြင့် သက်ဝင်၍ ယူအပ်သော ဤသစ္စာလေးပါးတရားဖြင့် အတိတ် အနာဂတ်၌ နည်းကို ဆောင်၏။
လွန်ပြီးသော ‘အတိတ်’ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် ပြုစီရင်မှု ‘သင်္ခါရ’တို့ကို သိကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာကို သိကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့ သည် ယခုအခါ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကုန်၏။
နောင် ‘အနာဂတ်’ကာလ၌ အကြင်သမဏဗြာဟ္မဏတို့သည် ပြုစီရင်မှု ‘သင်္ခါရ’တို့ကို သိကုန်လတ္တံ့၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်လတ္တံ့၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာကို သိကုန်လတ္တံ့၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏ အားလုံးတို့သည် ယခုအခါ ငါ သိသကဲ့သို့ ဤအတူသာလျှင် သိကြကုန်လတ္တံ့ဟု နည်းကို ဆောင်၏၊ ဤ သည်ကား ထိုအရိယာတပည့်၏ (မဂ်ဉာဏ်သို့) အစဉ်လိုက်ခြင်း၌ ဖြစ်သော ဉာဏ်တည်း။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား (သစ္စာလေးပါး) တရား၌ သိသော ဉာဏ်လည်းကောင်း၊ မဂ်ဉာဏ်သို့ အစဉ်လိုက်ခြင်း၌ သိသော (ပစ္စဝေက္ခဏာ) ဉာဏ်လည်းကောင်း ဤနှစ်ပါးသော ဉာဏ်တို့ သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏။ ရဟန်းတို့ ထိုအခါ ဤအရိယာတပည့်ကို “မှန်ကန်သောအယူနှင့် ပြည့်စုံသူ”ဟူ၍လည်းကောင်း၊ “မှန်ကန်သောဉာဏ်အမြင်နှင့် ပြည့်စုံသူ” ဟူ၍လည်းကောင်း၊ “ဤသူတော် ကောင်းတရားသို့ ရောက်လာသူ”ဟူ၍လည်းကောင်း၊ “ဤသူတော်ကောင်းတရားကို မြင်သူ”ဟူ၍လည်းကောင်း၊ “ကျင့်ဆဲ ‘သေက္ခ’ဉာဏ်နှင့် ပြည့်စုံသူ”ဟူ၍လည်းကောင်း၊ “ကျင့်ဆဲ ‘သေက္ခ’ဝိဇ္ဇာနှင့် ပြည့်စုံသူ”ဟူ၍လည်းကောင်း၊ “တရားအယဉ်သို့ ကောင်းစွာ ရောက်သူ”ဟူ၍လည်းကောင်း၊ “(ကိလေသာကို) ဖောက်ခွဲ နိုင်သော အရိယာပညာရှိ”ဟူ၍လည်းကောင်း၊ “အမြိုက်နိဗ္ဗာန် တံခါးဝသို့ ရောက်၍ တည်သူ”ဟူ၍လည်းကောင်း ဆိုအပ်၏ဟု (ဟောတော်မူ၏)။
တတိယသုတ်။