သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၄—ဒုတိယဉာဏဝတ္ထုသုတ်

၃၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သင်တို့အား ခုနစ်ဆယ့်ခုနစ်ပါးကုန် သော ဉာဏ်ဟူသော တည်ရာ ‘ဉာဏဝတ္တု’တို့ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ —

ရဟန်းတို့ ခုနစ်ဆယ့်ခုနစ်ပါးသော ဉာဏ်ဟူသော တည်ရာ ‘ဉာဏဝတ္ထု’တို့သည် အဘယ်တို့နည်း၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ဖြစ်၏ဟူ၍ သိသောဉာဏ်၊ ပဋိသန္ဓေ နေမှု ‘ဇာတိ’ မရှိခဲ့သော် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ မရှိဟု သိသောဉာဏ်။ လွန်ပြီး ‘အတိတ်’ကာလ၌လည်း ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’သေမှု ‘မရဏ’ ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ မရှိသော် အိုမှု ‘ဇရာ’သေမှု ‘မရဏ’ မရှိဟု သိသောဉာဏ်။ နောင် ‘အနာဂတ်’ကာလ၌လည်း ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’သေမှု ‘မရဏ’ ဖြစ်၏ဟု သိသောဉာဏ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ မရှိသော် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ မရှိဟု သိသောဉာဏ်။ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာသည့် ဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်း သဘောရှိ၏ဟု သိသောဉာဏ်။

ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏ဟု သိသောဉာဏ်။ပ။ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏ဟု သိသောဉာဏ်။ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏ဟု သိသောဉာဏ်။ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏ဟု သိသောဉာဏ်။ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏ဟု သိသောဉာဏ်။ သဠာယတန အကြောင်းခံ ကြောင့် ဖဿ ဖြစ်၏ဟု သိသောဉာဏ်။ နာမ်ရုပ် အကြောင်း ခံကြောင့် သဠာယတန ဖြစ်၏ဟု သိသောဉာဏ်။ ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏ဟု သိသောဉာဏ်။ သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏ဟု သိသောဉာဏ်။ အဝိဇ္ဇာ အကြောင်းခံ ကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိသောဉာဏ်။ အဝိဇ္ဇာ မရှိခဲ့သော် သင်္ခါရတို့ မရှိကုန်ဟု သိသောဉာဏ်။ လွန်ပြီး ‘အတိတ်’ကာလ၌လည်း အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိသောဉာဏ်၊ အဝိဇ္ဇာ မရှိခဲ့သော် သင်္ခါရတို့ မရှိကုန်ဟု သိသောဉာဏ်။ နောင် ‘အနာဂတ်’ ကာလ၌လည်း အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏ဟု သိသောဉာဏ်၊ အဝိဇ္ဇာ မရှိသော် သင်္ခါရတို့ မရှိကုန်ဟု သိသောဉာဏ်။ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာသည့်ဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်း သဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ဟု သိသောဉာဏ်တို့တည်း။ ရဟန်းတို့ ဤဉာဏ်တို့ကို ခုနစ်ဆယ့်ခုနစ်ပါးသော ဉာဏ်ဟူသော တည်ရာ ‘ဉာဏဝတ္ထု’တို့ ဟူ၍ ဆိုအပ်ကုန်၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။