သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၅—အဝိဇ္ဇာပစ္စယသုတ်

၃၅။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏ဟု ဟောတော်မူ၏။

ဤသို့ ဟောတော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ဟူသည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာမရဏပါနည်း”ဟု ဤစကားကို လျှောက်၏။ “အမေးပြဿနာသည် မသင့်လျော်”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် “ဇရာမရဏဟူသည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာ မရဏပါနည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့။ ရဟန်း အကြင်သူသည် “ဇရာမရဏသည် တစ်မျိုးတခြား တည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူ နှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် “ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏”ဟု မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

“အသျှင်ဘုရား ဇာတိဟူသည် အဘယ်ပါနည်း၊ ဤဇာတိသည် အဘယ်သူ၏ ဇာတိပါနည်း”ဟု လျှောက်၏။ “အမေးပြဿနာသည်ကား မသင့်လျော်”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် “ဇာတိဟူသည် အဘယ်ပါနည်း၊ ဤဇာတိသည် အဘယ်သူ၏ ဇာတိပါနည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့၊ ရဟန်း အကြင်သူသည် “ဇာတိသည် တစ်မျိုးတခြားတည်း၊ ဤဇာတိသည် တစ်ပါးသူ၏ ဇာတိတည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် “ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏”ဟု မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

“အသျှင်ဘုရား ဘဝဟူသည် အဘယ်ပါနည်း၊ ဤဘဝသည် အဘယ်သူ၏ ဘဝပါနည်း”ဟု လျောက်၏။ “အမေးပြဿနာသည်ကား မသင့်လျော်”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် “ဘဝဟူသည် အဘယ်ပါနည်း၊ ဤဘဝသည် အဘယ်သူ၏ ဘဝပါနည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့၊ ရဟန်း အကြင်သူသည် “ဘဝသည် တစ်မျိုးတခြားတည်း၊ ဤဘဝသည် တစ်ပါးသူ၏ ဘဝတည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ့်ရောက်မူ၍ အလယ်အလတ်ဖြင့် “ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏”ဟူ၍ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။ “တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏”ဟူ၍။ “ဝေဒနာ အကြောင်းခံ ကြောင့် တဏှာ ဖြစ်၏”ဟူ၍။ “ဖဿအ ကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏”ဟူ၍။ “သဠာယတန အ ကြောင်းခံကြောင့် ဖဿ ဖြစ်၏”ဟူ၍။ “နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏”ဟူ၍။ “ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏”ဟူ၍။ “သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏”ဟူ၍ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

“အသျှင်ဘုရား သင်္ခါရတို့သည် အဘယ်တို့ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့ပါ နည်း”ဟု လျောက်၏။ “အမေးပြဿနာသည်ကား မသင့်လျော်”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း အကြင်သူသည် “သင်္ခါရတို့ဟူသည် အဘယ်ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့ပါ နည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့၊ ရဟန်း အကြင်သူသည် “သင်္ခါရတို့သည် တစ်မျိုးတခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း”ဟု ဤသို့မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်း “ထိုအသက်သည် ထိုကိုယ် ပင်တည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်း “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်း ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် “အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏”ဟု မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

ရဟန်း မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် — “ဇရာမရဏသည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာမရဏပါနည်း” ဟူ၍လည်းကောင်း၊ “ဇရာမရဏ သည် တစ်မျိုးတခြားတည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း”ဟူ၍လည်းကောင်း၊ “ထို အသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာ အယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏။

ရဟန်း အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် — “ဇာတိသည် အဘယ်ပါ နည်း၊ ဤဇာတိသည် အဘယ်သူ၏ ဇာတိပါနည်း”ဟူ၍လည်းကောင်း၊ “ဇာတိသည် တစ်မျိုးတခြားတည်း၊ ဤဇာတိသည် တစ်ပါးသူ၏ ဇာတိတည်း”ဟူ၍လည်းကောင်း၊ “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင် ကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ် ကုန်၏၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏။

ရဟန်း အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်—ဘဝသည် အဘယ်နည်း။ပ။ ဥပါဒါန်သည် အဘယ်နည်း။ တဏှာသည် အဘယ်နည်း။ ဝေဒနာသည် အဘယ်နည်း။ ဖဿသည် အဘယ်နည်း။ သဠာယတနသည် အဘယ်နည်း။ နာမ်ရုပ်သည် အဘယ်နည်း။ ဝိညာဏ်သည် အဘယ် နည်း။ပ။

ရဟန်း အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် — “သင်္ခါရတို့သည် အဘယ် ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့ပါနည်း”ဟူ၍လည်းကောင်း၊ “သင်္ခါရတို့သည် တစ်မျိုး တခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း”ဟူ၍လည်းကောင်း၊ “ထိုအသက်သည် ထို ကိုယ်ပင်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း့ငြောင့် တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက်ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏ (ဟောတော်မူ၏)။

ပဉ္စမသုတ်။