သံယုတ္တနိကာယ်—၁၂

၄—ကဠာရခတ္တိယဝဂ်

၆—ဒုတိယ အဝိဇ္ဇာပစ္စယသုတ်

၃၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြာင်းခံကြောင့် ပြု စီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

ရဟန်းတို့ အကြင်သူသည် “အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် အဘယ်ပါနည်း၊ ဤဇရာမရဏ သည် အဘယ်သူ၏ ဇရာမရဏနည်း”ဟူ၍မူလည်း ဆိုငြားအံ့၊ ရဟန်းတို့ အကြင်သူသည် “ဇရာမရဏ သည် တစ်မျိုးတခြားတည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း”ဟူ၍မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါသည်သာလျှင် ထူးခြား၏။ ရဟန်းတို့ “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်းတို့ “အသက်သည် တခြား ကိုယ်သည် တခြားတည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်းတို့ ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် “ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ဖြစ်၏”ဟု မြတ်စွာဘုရား သည် တရားကို ဟောတော်မူ၏။

ပဋိသန္ဓေနေမှု ‘ဇာတိ’သည် အဘယ်နည်း။ပ။ ဘဝသည် အဘယ်နည်း။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ သည် အဘယ်နည်း။ တပ်မက်မှု ‘တဏှာ’သည် အဘယ်နည်း။ ခံစားမှု ‘ဝေဒနာ’သည် အဘယ်နည်း။ တွေ့ ထိမှု ‘ဖဿ’သည် အဘယ်နည်း။ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) သည် အဘယ်နည်း။ ‘နာမ် ရုပ်’သည် အဘယ်နည်း။ သိမှု ‘ဝိညာဏ်’သည် အဘယ်နည်း။ ရဟန်းတို့ အကြင်သူသည် “ပြုစီရင်မှု ‘သင်္ခါရ’တို့သည် အဘယ်ပါနည်း၊ ဤသင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့နည်း”ဟူ၍မူလည်း ဆိုငြားအံ့၊ ရဟန်းတို့ အကြင်သူသည် “သင်္ခါရတို့သည် တစ်မျိုးတခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း”ဟူ၍မူလည်း ဆိုငြားအံ့။ (ထိုသူနှစ်ယောက်တို့၏) ထိုနှစ်မျိုးသည် အနက်အားဖြင့် တူ၏၊ သဒ္ဒါ သည်သာလျှင် ထူးခြား၏။ ရဟန်းတို့ “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်၊ ရဟန်းတို့ “အသက်သည် တခြား ကိုယ်သည် တခြားတည်း” ဟူ၍လည်း အယူမှား ရှိခဲ့မူ မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်။ ရဟန်းတို့ ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် “မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် “ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏”ဟူ၍ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် “အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် အဘယ်ပါနည်း၊ ဤဇရာမရဏသည် အဘယ်သူ၏ ဇရာမရဏပါနည်း”ဟူ၍လည်းကောင်း၊ “ဇရာမရဏသည် တစ်မျိုးတခြားတည်း၊ ဤဇရာမရဏသည် တစ်ပါးသူ၏ ဇရာမရဏတည်း” ဟူ၍လည်းကောင်း၊ “ထိုအသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ် သည် တခြား”ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက် ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်အရင်းကို့အကြွင်းမဲ့ ဖြတ် အပ်ကုန်၏၊ ထန်းပင်ငုတ်သကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏။

ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် “ဇာတိသည် အဘယ်နည်း။ပ။ ဘဝသည် အဘယ်နည်း။ ဝေဒနာသည် အဘယ်နည်း။ ဖဿသည် အဘယ်နည်း။ သဠာယတနသည် အဘယ်နည်း။ နာမ်ရုပ်သည် အဘယ်နည်း။ ဝိညာဏ်သည် အဘယ်နည်း။ သင်္ခါရတို့ သည် အဘယ်တို့နည်း၊ သင်္ခါရတို့သည် အဘယ်သူ၏ သင်္ခါရတို့နည်း” ဟူ၍လည်းကောင်း၊ “သင်္ခါရတို့ သည် တစ်မျိုးတခြားတည်း၊ ဤသင်္ခါရတို့သည် တစ်ပါးသူ၏ သင်္ခါရတို့တည်း”ဟူ၍လည်းကောင်း၊ “ထို အသက်သည် ထိုကိုယ်ပင်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း ငြောင့်တံကျင်ကဲ့သို့ စူးဝင်ကုန်သော ဆန့်ကျင်ဘက် ဖြစ်ကုန်သော တုန်လှုပ်ကုန်သော မိစ္ဆာအယူဟူသမျှ အားလုံးတို့ကို ပယ်အပ်ကုန်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုအပ်ကုန်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်၏၊ နောင်အခါ မဖြစ်ခြင်းသဘော ရှိကုန်၏ဟူ၍ (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။