သံယုတ္တနိကာယ်—၁၂
၇—မဟာဝဂ်
၈—ကောသမ္ဗိသုတ်
၆၈။ အခါတစ်ပါး၌ အသျှင်မုသိလ, အသျှင်ပဝိဋ္ဌ, အသျှင်နာရဒနှင့် အသျှင်အာနန္ဒာတို့သည် ကောသမ္ဗီ ပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်ပဝိဋ္ဌသည် အသျှင်မုသိလအား ဤ စကားကို လျှောက်၏— “ငါ့သျှင်မုသိလ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာ နက္ခန္တိ’မှ တစ်ပါး အသျှင်မုသိလအား “ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော”ဟု (လျှောက်၏)။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊့အယူကို စူးစိုက်ကြံစည်၍ နှစ် သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏”ဟူသော ဤအကြောင်း ကို ငါ သိ၏၊ ငါ မြင်၏ဟု ဆို၏။
ငါ့သျှင်မုသိလ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’ မှ တစ်ပါး အသျှင်မုသိလအား “ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ပ။ “ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏”ဟူ၍။ “တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏”ဟူ၍။ “ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏”ဟူ၏။ “ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏”ဟူ၍။ “သဠာယတန အကြောင်းခံကြောင့် ဖဿ ဖြစ်၏”ဟူ၍။ “နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏”ဟူ၍။ “ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏”ဟူ၍။ “သင်္ခါရ အကြောင်ခံကြောင့် ဝိညာဏ် ဖြစ်၏”ဟူ၍။ “အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသ လော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလိိုု ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏”ဟူသော ဤအကြောင်းကို ငါ သိ၏၊ ငါ မြင်၏ဟု ဆို၏။
ငါ့သျှင်မုသိလ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်မုသိလအား “ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသ လော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏”ဟူသော ဤအကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
ငါ့သျှင်မုသိလ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်မုသိလအား “ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏”ဟူ၍။ပ။ “ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏”ဟူ၍။ “တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏”ဟူ၍။ “ဝေဒနာ ချုပ်ခြင်းကြောင့် တဏှာ ချုပ်၏”ဟူ၍။ “ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာ ချုပ်၏”ဟူ၍။ “သဠာယတန ချုပ်ခြင်းကြောင့် ဖဿ ချုပ်၏”ဟူ၍။ “နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏”ဟူ၍။ “ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏”ဟူ၍။ “သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏”ဟူ၍။ “အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက် ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏”ဟူသော ဤအကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
ငါ့သျှင်မုသိလ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်မုသိလအား “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ ငါ့သျှင် ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟူသော ဤအကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
သို့ဖြစ်လျှင် အသျှင်မုသိလသည် အာသဝကုန်ပြီးသော ရဟန္တာပါလောဟု မေး၏၊ ဤသို့ မေးသည့်ရှိသော် အသျှင်မုသိလသည် ဆိတ်ဆိတ် နေ၏။ ထိုအခါ အသျှင်နာရဒသည် အသျှင်ပဝိဋ္ဌအား “ငါ့သျှင်ပဝိဋ္ဌ တောင်းပန်ပါ၏၊ ငါသည် ဤအမေးကို ရလိုပါ၏၊ ငါ့အား ဤအမေးကို မေးလော့၊ ငါသည် ဤအမေးကို ဖြေအံ့”ဟု ဆို၏။ အသျှင်နာရဒသည် ဤအမေးကို ရပါစေလော့၊ အကျွန်ုပ်သည် အသျှင်နာရဒအား ဤအမေးကို မေးပါအံ့၊ အသျှင်နာရဒသည် အကျွန်ုပ်၏ အမေးကို ဖြေပါလော့။
ငါ့သျှင်နာရဒ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်နာရဒအား “ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသ လော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏”ဟူသော ဤအကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
ငါ့သျှင်နာရဒ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်နာရဒအား “ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ပ။ “အဝိဇ္ဇာ အကြောင်ခံ ကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက် ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “အဝိဇ္ဇာ အကြောင်ခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏”ဟူသော ဤ အကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
ငါ့သျှင်နာရဒ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်နာရဒအား “ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏”ဟု သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏”ဟူသော ဤ အကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
ငါ့သျှင်နာရဒ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်နာရဒအား “ဘဝ ချုပ်ခြင်းကြောင့်် ဇာတိ ချုပ်၏”။ပ။ “အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ် ကုန်၏”ဟု သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ ငါ့သျှင်ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏”ဟူသော ဤ အကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
ငါ့သျှင်နာရဒ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်း အရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး အသျှင်နာရဒအား “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟူ၍ သိသော ကိုယ်ပိုင်ဉာဏ် ရှိပါသလော။ ငါ့သျှင် ပဝိဋ္ဌ သူတစ်ပါးကို ယုံကြည်မှု ‘သဒ္ဓါ’၊ မိမိအလို ‘ရုစိ’၊ တစ်ဆင့်ကြား ‘အနုဿဝ’၊ အခြင်းအရာကို ကြံဆမှု ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြံစည်၍ နှစ်သက်မှု ‘ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ’မှ တစ်ပါး “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟူသော ဤအကြောင်းကို ငါ သိ၏၊ ငါ မြင်၏။
သို့ဖြစ်လျှင် အသျှင်နာရဒသည် အာသဝေါကုန်ပြီးသော ရဟန္တာလော။ ငါ့သျှင် “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း”ဟူ၍ဟုတ်မှန်သောအတိုင်း ကောင်းသော အသိဉာဏ် (မဂ်) ပညာဖြင့် မြင်အပ်၏၊ အာသဝေါ ကုန်ပြီးသော ရဟန္တာကား မဟုတ်ပါသေး။ ငါ့သျှင် ဥပမာသော်ကား ခရီးခဲ၌ ရေတွင်း ရှိရာ၏၊ ရေတွင်း ၌ ကြိုးသည်လည်းကောင်း၊ ရေပုံးသည်လည်းကောင်း မရှိရာ။ ထိုအခါ ယောကျာ်းသည် ပူလောင်သော ကိုယ်ရှိသည်၊ အပူဖြင့် နှိပ်စက်အပ်သောကြောင့် ပင်ပန်းသည်ဖြစ်ရကား ရေမွတ်သိပ်သည်ဖြစ်၍ လာရာ၏၊ ထိုယောကျာ်းသည် ထိုရေတွင်းကို ငုံ့ကြည့်ရာ၏၊ ထိုယောကျာ်းအား “ရေ”ဟူ၍သာလျှင် အသိဉာဏ် ဖြစ်၏၊ ကိုယ်ဖြင့်မူကား တွေ့ထိ၍ မနေရ၊ ငါ့သျှင် ဤအတူသာလျှင် “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း” ဟူ၍ဟုတ်မှန်သောအတိုင်း ကောင်းသော အသိဉာဏ် (မဂ်) ပညာဖြင့် မြင်အပ်၏၊ အာသဝေါကုန်ပြီးသော ရဟန္တာသော်ကား မဟုတ်ပါသေးဟု ဆို၏။
ဤသို့ ဆိုသည်ရှိသော် အသျှင်အာနန္ဒာသည် အသျှင်ပဝိဋ္ဌအား “ငါ့သျှင်ပဝိဋ္ဌ ဤသို့ ပြောဆိုသော အသျှင်နာရဒကို သင် အဘယ်သို့ ဆိုမည်နည်း”ဟု ဆို၏။ ငါ့သျှင်အာနန္ဒာ ဤသို့ ပြောဆိုသော အသျှင် နာရဒကို ကောင်းမြတ်သည်မှ တစ်ပါး အပြစ်မရှိသည်မှ တစ်ပါး တစ်စုံတစ်ရာ ဘာကိုမျှ အကျွန်ုပ် မဆို လိုတော့ပါဟု (လျှောက်၏)။
အဋ္ဌမသုတ်။