သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၉—ဥပယန္တိသုတ်

၆၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ။ပ။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် ရေပြည့်လျှံသည်ရှိသော် မြစ်ကြီးတို့ကို ပြည့်လျှံစေ၏၊ မြစ်ကြီးတို့ ပြည့်လျှံကုန်သည် ရှိသော် မြစ်ငယ်တို့ကို ပြည့်လျှံစေကုန်၏၊ မြစ်ငယ်တို့ ပြည့်လျှံကုန်သည်ရှိသော် အိုင်ကြီးတို့ကို ပြည့်လျှံ စေကုန်၏၊ အိုင်ကြီးတို့ ပြည့်လျှံကုန်သည်ရှိသော် အိုင်ငယ်တို့ကို ပြည့်လျှံစေကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် အဝိဇ္ဇာ ပြည့်လျှံသည်ရှိသော် သင်္ခါရတို့ကို ပြည့်လျှံစေ၏၊ သင်္ခါရတို့ ပြည့်လျှံကုန်သည်ရှိသော် ဝိညာဏ်ကို ပြည့်လျှံစေကုန်၏၊ ဝိညာဏ် ပြည့်လျှံသည်ရှိသော် နာမ်ရုပ်ကို ပြည့် လျှံစေ၏၊ နာမ်ရုပ် ပြည့်လျှံသည်ရှိသော် သဠာယတနကို ပြည့်လျှံစေ၏၊ သဠာယတန ပြည့်လျှံသည်ရှိသော် ဖဿကို ပြည့်လျှံစေ၏၊ ဖဿ ပြည့်လျှံသည်ရှိသော် ဝေဒနာကို ပြည့်လျှံစေ၏၊ ဝေဒနာ ပြည့်လျှံသည် ရှိသော် တဏှာကို ပြည့်လျှံစေ၏၊ တဏှာ ပြည့်လျှံသည်ရှိသော် ဥပါဒါန်ကို ပြည့်လျှံစေ၏၊ ဥပါဒါန် ပြည့် လျှံသည်ရှိသော် ဘဝကို ပြည့်လျှံစေ၏၊ ဘဝ ပြည့်လျှံသည်ရှိသော် ဇာတိကို ပြည့်လျှံစေ၏၊ ဇာတိ ပြည့် လျှံသည်ရှိသော် ဇရာမရဏကို ပြည့်လျှံစေ၏။

ရဟန်းတို့ မဟာသမုဒ္ဒရာရေ လျော့ကျသည်ရှိသော် မြစ်ကြီးတို့ကို လျော့ကျစေ၏၊ မြစ်ကြီးတို့ လျော့ကျကုန်သည်ရှိသော် မြစ်ငယ်တို့ကို လျော့ကျစေကုန်၏၊ မြစ်ငယ်တို့ လျော့ကျကုန်သည်ရှိသော် အိုင် ကြီးတို့ကို လျော့ကျစေကုန်၏၊ အိုင်ကြီးတို့ လျော့ကျကုန်သည်ရှိသော် အိုင်ငယ်တို့ကို လျော့ကျစေကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် အဝိဇ္ဇာ လျော့ကျသည်ရှိသော် သင်္ခါရတို့ကို လျော့ကျစေ၏၊ သင်္ခါရတို့ လျော့ကျသည်ရှိသော် ဝိညာဏ်ကို လျော့ကျစေကုန်၏၊ ဝိညာဏ် လျော့ကျသည်ရှိသော် နာမ်ရုပ်ကို လျော့ ကျစေ၏၊ နာမ်ရုပ် လျော့ကျသည်ရှိသော် သဠာယတနကို လျော့ကျစေ၏၊ သဠာယတန လျော့ကျသည် ရှိသော် ဖဿကို လျော့ကျစေ၏၊ ဖဿ လျော့ကျသည်ရှိသော် ဝေဒနာတို့ကို လျော့ကျစေ၏၊ ဝေဒနာ လျော့ကျသည်ရှိသော် တဏှာကို လျော့ကျစေ၏၊ တဏှာ လျော့ကျသည်ရှိသော် ဥပါဒါန်ကို လျော့ကျစေ၏၊ ဥပါဒါန် လျော့ကျသည်ရှိသော် ဘဝကို လျော့ကျစေ၏၊ ဘဝ လျော့ကျသည်ရှိသော် ဇာတိကို လျော့ကျ စေ၏၊ ဇာတိ လျော့ကျသည်ရှိသော် ဇရာမရဏကို လျော့ကျစေ၏ဟု (ဟောတော်မူ၏)။

နဝမသုတ်