သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၇—နဠကလာပိသုတ်

၆၇။ အခါတစ်ပါး၌ အသျှင်သာရိပုတ္တရာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိ့ပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်သာရိပုတ္တရာရှိရာသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတ္တရာ နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် အသျှင်သာရိပုတ္တရာအား ဤစကားကို လျှောက်၏— “ငါ့သျှင်သာရိပုတ္တရာ အသို့နည်း၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို မိမိ ပြုအပ်ပါသလော၊ သူတစ်ပါး ပြုအပ်ပါသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်ပါ သလော၊ သို့မဟုတ် ဇရာမရဏသည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်ပါသလော”ဟု လျှောက်၏။ ငါ့သျှင်ကောဋ္ဌိက အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို မိမိ ပြုအပ်သည် မဟုတ်၊ သူတစ်ပါး ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည်လည်း မဟုတ်၊ ဇရာမရဏ သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်။ စင်စစ်သော်ကား ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ဖြစ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတ္တရာ အသို့ပါနည်း၊ ဇာတိကို မိမိ ပြုအပ်ပါသလော၊ သူတစ်ပါး ပြုအပ်ပါသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်ပါသလော၊ သို့မဟုတ် ဇာတိသည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်ပါသလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင်ကောဋ္ဌိက ဇာတိကို မိမိ ပြုအပ်သည် မဟုတ်၊ သူတစ်ပါး ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်။ စင်စစ်သော်ကား ဘဝ အကြောင်းကြောင့် ဇာတိ ဖြစ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတ္တရာ အသို့ပါနည်း၊ ဘဝကို မိမိ ပြုအပ်ပါသလော။ပ။ ဥပါဒါန်ကို မိမိ ပြုအပ်ပါသ လော။ တဏှာကို မိမိပြုအပ်ပါသလော။ ဝေဒနာကို မိမိ ပြုအပ်ပါသလော။ ဖဿကို မိမိ ပြုအပ်ပါသ လော။ သဠာယတနကို မိမိ ပြုအပ်ပါသလော။ နာမ်ရုပ်ကို မိမိ ပြုအပ်ပါသလော၊ သူတစ်ပါး ပြုအပ်ပါသ လော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်ပါသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်ပါသလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင်ကောဋ္ဌိက နာမ်ရုပ်ကို မိမိ ပြုအပ် သည် မဟုတ်၊ သူတစ်ပါး ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်။ စင်စစ်သော် ကား ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတ္တရာ အသို့ပါနည်း၊ သိမှု ‘ဝိညာဏ်’ကို မိမိ ပြုအပ်ပါသလော၊ သူတစ်ပါး ပြုအပ်ပါသ လော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်ပါသလော၊ သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြု အပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်ပါသလောဟု မေး၏။ ငါ့သျှင်ကောဋ္ဌိက ဝိညာဏ်ကို မိမိ ပြုအပ် သည် မဟုတ်၊ သူတစ်ပါး ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်။ စင်စစ်သော် ကား နာမ်ရုပ် အကြောင်းကြောင့် ဝိညာဏ် ဖြစ်၏ဟု မိန့်ဆို၏။ ငါ့သျှင်ကောဋ္ဌိက နာမ်ရုပ်ကို မိမိ ပြုအပ် သည် မဟုတ်၊ သူတစ်ပါး ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်၊ စင်စစ်သော်ကား ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏ဟု အသျှင်သာရိပုတ္တရာ ဟောသော စကားကို အကျွန်ုပ်တို့ သည် ယခုပင် သိရပါကုန်၏။

ငါ့သျှင်ကောဋ္ဌိက ဝိညာဏ်ကို မိမိ ပြုအပ်သည် မဟုတ်၊ သူတစ်ပါး ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ ပြုအပ်သည် မဟုတ်ဘဲ အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်။ စင်စစ်သော်ကား နာမ်ရုပ် အကြောင်းကြောင့် ဝိညာဏ် ဖြစ်၏ဟု အသျှင်သာရိပုတ္တရာ ဟောသော စကားကို ယခု (တစ်မျိုး) သိရပြန်ပါ၏။

ငါ့သျှင်သာရိပုတ္တရာ ဟောအပ်သော ဤတရား၏ အနက်ကို အဘယ်သို့ မှတ်ရပါမည်နည်းဟု လျှောက်၏။ ငါ့သျှင် သို့ဖြစ်လျှင် သင့်အား ဥပမာကို ပြုအံ့၊ ဤလောက၌ အချို့သော ပညာရှိသူတို့သည် ပြောဆိုအပ်သော စကား၏ အနက်အဓိပ္ပာယ်ကို ဥပမာအားဖြင့် သိကုန်၏၊ ငါ့သျှင် ဥပမာသော်ကား ကျူစည်းနှစ်စည်းတို့သည် အချင်းချင်း မှီ၍ တည်ကုန်ရာ၏၊ ငါ့သျှင် ဤအတူသာလျှင် နာမ်ရုပ် အကြောင်း ကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏၊ သဠာယတန အကြောင်းခံကြောင့် ဖဿ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲ အစု ဖြစ်၏။ ငါ့သျှင် ထိုကျူစည်းတို့တွင် တစ်စည်းကို အကယ်၍ ဆွဲငင်ငြားအံ့၊ တစ်စည်းသည် လဲကျ ရာ၏၊ အခြားတစ်စည်းကို အကယ်၍ ဆွဲငင်ငြားအံ့၊ အခြားတစ်စည်းသည် လဲကျရာ၏။ ငါ့သျှင် ဤအတူ သာလျှင် နာမ်ရုပ် ချူပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏၊ ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏။ပ။ သဠာယတန ချုပ်ခြင်းကြောင့် ဖဿ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတ္တရာ (တရားတော်သည်) အံ့ဖွယ်ရှိပါ၏၊ ငါ့သျှင်သာရိပုတ္တရာ (တရားတော်သည်) မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်သာရိပုတ္တရာသည် ဤတရားတော်ကို အလွန် ကောင်းစွာ ဟောအပ်ပါ၏၊ အကျွန်ုပ်တို့သည် အသျှင်သာရိပုတ္တရာ ဟောအပ်သော ဤတရားတော်ကိုလည်း ဤသုံးဆယ့်ခြောက်ပါး သော ဝတ္ထုတို့ဖြင့် အနုမောဒနာ ပြုပါ၏။

ငါ့သျှင်သာရိပုတ္တရာ ရဟန်းသည် အကယ်၍ ဇရာမရဏကို ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ တရားဟောခဲ့မူ “ဓမ္မကထိကရဟန်း”ဟူ၍ ဆိုထိုက်၏၊ ငါ့သျှင်သာရိပုတ္တရာ ရဟန်းသည် ဇရာ မရဏကို ငြီးငွေ့ခြင်းငှါ တပ်ခြင်း ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ခဲ့မူ “တရားအား လျော်သော အကျင့်ကို ကျင့်သော ရဟန်း”ဟူ၍ ဆိုထိုက်၏။ ငါ့သျှင်သာရိပုတ္တရာ ရဟန်းသည် ဇရာမရဏကို ငြီးငွေ့ခြင်းကြောင့် တပ်ခြင်း ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခဲ့မူ “မျက်မှောက်နိဗ္ဗာန်သို့ ရောက်သော ရဟန်း”ဟူ၍ ဆိုထိုက်၏။ ရဟန်းသည် ဇာတိကို။ ဘဝကို။ ဥပါဒါန် ကို။ တဏှာကို။ ဖဿကို။ သဠာယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို။ အဝိဇ္ဇာကို ငြီးငွေ့ခြင်းငှါ တပ်ခြင်း ကင်းခြင်းငှါ ချုပ်ခြင်းငှါ တရားဟောခဲ့မူ “ဓမ္မကထိကရဟန်း”ဟူ၍ ဆိုထိုက်၏၊ ငါ့သျှင် သာရိပုတ္တရာ ရဟန်းသည် အဝိဇ္ဇာကို ငြီးငွေ့ခြင်းငှါ တပ်ခြင်း ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ခဲ့မူ “(လော ကုတ္တရာ) တရားအား လျော်သော အကျင့်ကို ကျင့်သော ရဟန်း”ဟူ၍ ဆိုထိုက်၏၊ ငါ့သျှင်သာရိပုတ္တရာ ရဟန်းသည် အဝိဇ္ဇာကို ငြီးငွေ့ခြင်းကြောင့် တပ်ခြင်း ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်ခဲ့မူ “မျက်မှောက်နိဗ္ဗာန်သို့ ရောက်သော ရဟန်း”ဟူ၍ ဆိုထိုက်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။