သံယုတ္တနိကာယ်—၁၃
၁၁—တတိယ ပဗ္ဗတသုတ်
၈၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ပဲနောက်စေ့မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့ကို မြင်းမိုရ်တောင်မင်း၏ အနီး၌ ချထားရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အနီး၌ ချထားအပ်သော ပဲနောက်စေ့မျှလောက် သော ကျောက်စရစ်ခဲ ခုနစ်ခုတို့နှင့် မြင်းမိုရ်တောင်မင်းသည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြင်းမိုရ်တောင်မင်းသည်သာလျှင် များလှပါ၏၊ အနီး၌ ချထားအပ်သော ပဲနောက်စေ့ မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည်ကား အနည်းငယ်မျှသာတည်း။ အနီး၌ ချထားအပ်သော ပဲနောက်စေ့မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည် မြင်းမိုရ်တောင်မင်းကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါကုန်။
ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်ဖြစ်သော ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိိုလ်၏ ရအပ်သော တရားကို ထောက်ထားလျှင် သာသနာတော်ပြင်ပအယူရှိသည့် ရဟန်း ပုဏ္ဏား ပရိဗိုဇ်တို့ ရအပ်သော တရားသည် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်။ ရဟန်းတို့ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤသို့ ကြီးကျယ်စွာ ရအပ်ရောက်အပ်သော တရား ရှိ၏၊ ဤသို့ ကြီးကျယ်စွာ ထိုးထွင်း၍ သိအပ်သော ပညာရှိ၏ဟု (ဟောတော်မူ၏)။
ဧကာဒသမသုတ်။
အဘိသမယသံယုတ် ပြီး၏။