သံယုတ္တနိကာယ်—၁၃
၆—ဒုတိယ ပထဝီသုတ်
၇၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ဆီးစေ့မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့သာ ကြွင်းကျန်၍ (မဟာပထဝီ) မြေကြီးသည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ကုန်ခန်းသော မဟာပထဝီမြေကြီးနှင့် ကြွင်း ကျန်သော ဆီးစေ့မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့သည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ကုန်ခန်းသော မဟာပထဝီမြေကြီးသည်သာလျှင် ပို၍ များလှပါ၏၊ ကြွင်းကျန်သော ဆီးစေ့မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့သည် အနည်းငယ်မျှလောက်သာတည်း။ ကြွင်းကျန်သော ဆီးစေ့ မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့သည် ကုန်ခန်းသော မဟာပထဝီမြေကြီးကို ထောက်ထားလျှင် အစိတ် တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ် တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါကုန်။ ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။