သံယုတ္တနိကာယ်—၁၃

၇—သမုဒ္ဒသုတ်

၈ဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မဟာသမုဒ္ဒရာမှ ရေနှစ်စက်သုံးစက်တို့ကို ထုတ်ယူရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင့်ကုန်သနည်း၊ ထုတ်ယူအပ်သော ရေနှစ်စက်သုံးစက်တို့နှင့် မဟာသမုဒ္ဒရာရှိ ရေသည် အဘယ်က ပို၍ များ သနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မဟာသမုဒ္ဒရာရှိ ရေတို့သည်သာလျှင် များလှပါ၏၊ ထုတ်ယူအပ်သော ရေနှစ်စက် သုံးစက်တို့သည် အနည်းငယ်မျှသာတည်း ထုတ်ယူအပ်သော ရေနှစ်စက်သုံးစက်တို့သည် မဟာသမုဒ္ဒရာရှိ ရေကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါကုန်။ ရဟန်းတို့ ဤအတူ သာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။