သံယုတ္တနိကာယ်—၁၃
၈—ဒုတိယ သမုဒ္ဒသုတ်
၈၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား မဟာသမုဒ္ဒရာသည် ရေနှစ်စက်သုံးစက်တို့သာ ကြွင်းကျန်၍ ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မဟာသမုဒ္ဒရာ၌ ကုန်ခန်းသော ရေနှင့် ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မဟာသမုဒ္ဒရာ၌ ကုန်ခန်းသော ရေသည်သာလျှင် များလှပါ၏၊ ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည်ကား အနည်းငယ်မျှသာတည်း။ ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် မဟာသမုဒ္ဒရာ၌ ကုန်ခန်းသော ရေကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါ ကုန်။ ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။