သံယုတ္တနိကာယ်—၁၄
၃—ကမ္မပထဝဂ်
၁—အသမာဟိတသုတ်
၁ဝ၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ သဒ္ဓါတရား မရှိသူတို့သည် သဒ္ဓါတရား မရှိသူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မကောင်းမှုမှ မရှက်တတ်ကုန်သော သူတို့သည် မ ကောင်းမှုမှ မရှက်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မကောင်းမှုမှ မကြောက်လန့်တတ်ကုန်သော သူတို့သည် မကောင်းမှုမှ မကြောက်လန့်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မတည်ကြည်ကုန်သော သူတို့သည် မတည်ကြည်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
သဒ္ဓါတရားရှိသူတို့သည် သဒ္ဓါတရားရှိသူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မကောင်းမှုမှ ရှက်တတ်ကုန်သော စိတ်ရှိသူတို့သည် မကောင်းမှုမှ ရှက်တတ်ကုန်သော စိတ်ရှိသူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့သည် မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ တည်ကြည်သော သူတို့သည် တည်ကြည်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။
ပဌမသုတ်။