သံယုတ္တနိကာယ်—၁၄
၄—စတုတ္ထဝဂ်
၆—အဘိနန္ဒသုတ်
၁၁၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ပထဝီဓာတ်ကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို အလွန်နှစ်သက်၏၊ ဆင်းရဲဒုက္ခကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ မလွတ်နိုင်ဟူ၍ ငါ ဆို၏။ အာပေါဓာတ်ကို အလွန်နှစ်သက်သော သူသည်။ပ။ တေဇောဓာတ်ကို။ ဝါယော ဓာတ်ကို အလွန်နှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို အလွန်နှစ်သက်၏၊ ဆင်းရဲဒုက္ခကို အလွန်နှစ်သက် သော သူသည် ဆင်းရဲဒုက္ခမှ မလွတ် နိုင်ဟူ၍ ငါ ဆို၏၊
ရဟန်းတို့ ပထဝီဓာတ်ကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို မနှစ်သက်၊ ဆင်းရဲဒုက္ခကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ လွတ်၏ဟူ၍ ငါ ဆို၏။ အာပေါဓာတ်ကို။ပ။ တေဇောဓာတ်ကို။ ဝါယောဓာတ်ကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခကို မနှစ်သက်၊ ဆင်းရဲဒုက္ခကို မနှစ်သက်သော သူသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်၏ဟူ၍ ငါ ဆို၏ဟု (ဟောတော်မူ၏)။
ဆဋ္ဌသုတ်။