သံယုတ္တနိကာယ်—၁၄

၄—စတုတ္ထဝဂ်

၇—ဥပ္ပါဒသုတ်

၁၂ဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ပထဝီဓာတ်၏ ဖြစ်ခြင်းသည် တည်ခြင်းသည် အထူးသဖြင့် ဖြစ်ခြင်းသည် ထင်ရှားဖြစ်ခြင်းသည် ဆင်းရဲဖြစ်ခြင်းသာတည်း၊ ရောဂါတို့၏ တည် ရာဖြစ်ခြင်းသာတည်း၊ အိုမှုသေမှု၏ ထင်ရှားဖြစ်ပေါ်ခြင်းသာတည်း။ အာပေါဓာတ်၏ ဖြစ်ခြင်းသည်။ပ။ တေဇောဓာတ်၏ ဖြစ်ခြင်းသည်။ ဝါယောဓာတ်၏ ဖြစ်ခြင်းသည် တည်ခြင်းသည် အထူးသဖြင့် ဖြစ်ခြင်း သည် ထင်ရှားဖြစ်ခြင်းသည် ဆင်းရဲဖြစ်ခြင်းသာတည်း၊ ရောဂါတို့၏ တည်ရာဖြစ်ခြင်းသာတည်း၊ အိုမှုသေမှု၏ ထင်ရှားဖြစ်ပေါ်ခြင်းသာတည်း။

ရဟန်းတို့ ပထဝီဓာတ်၏ ချုပ်ခြင်းသည် ငြိမ်းခြင်းသည် ကွယ်ပျောက်ခြင်းသည် ဆင်းရဲချုပ်ခြင်း သာတည်း၊ ရောဂါတို့၏ ငြိမ်းခြင်းသာတည်း၊ အိုမှုသေမှု၏ ကွယ်ပျောက်ခြင်းသို့ ရောက်ခြင်းသာတည်း။ အာပေါဓာတ်၏ ချုပ်ခြင်းသည်။ပ။ တေဇောဓာတ်၏ ချုပ်ခြင်းသည်။ ဝါယောဓာတ်၏ ချုပ်ခြင်းသည် ငြိမ်းခြင်းသည် ကွယ်ပျောက်ခြင်းသည် ဆင်းရဲချုပ်ခြင်းသာတည်း၊ ရောဂါတို့၏ ငြိမ်းခြင်းသာတည်း၊ အိုမှုသေမှု၏ ကွယ်ပျောက်ခြင်းတည်းဟု (ဟောတော်မူ၏)။

သတ္တမသုတ်။