သံယုတ္တနိကာယ်—၂၁
၅—သုဇာတသုတ်
၂၃၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သုဇာတသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ မြတ်စွာဘုရားသည် အသျှင်သုဇာတ လာနေသည်ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏— “ရဟန်းတို့ ဤအမျိုးကောင်းသားသည် အဆင်းလှခြင်း ရှုချင်ဖွယ်ရှိခြင်း ကြည်ညိုဖွယ် ရှိခြင်း လွန်မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံခြင်းနှင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင် ရောက် (ရဟန်းပြု) သော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံး ဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေခြင်းဟူသော နှစ်ပါးစုံဖြင့် တင့်တယ်၏”ဟု မိန့်တော်မူ၏။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူပြန်၏—
“ဖြောင့်မတ်သော စိတ်ဖြင့် (အကုသိုလ်တရားတို့နှင့်) မယှဉ်သော သံယောဇဉ် ကင်းသော ဤရဟန်းသည် တင့်တယ်စွတကား၊ (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ ငြိမ်းအေးပြီးသော ဤရဟန်းသည် စစ်သည်ဗိုလ်ပါနှင့် တကွသော ကိလေသာမာရ်ကို အောင်နိုင်ခြင်းကြောင့် အဆုံးစွန်သော ကိုယ်ကို ဆောင်၏”ဟု (ဟောတော်မူ၏)။
ပဉ္စမသုတ်။