သံယုတ္တနိကာယ်—၂၄
၂—ဒုတိယဂမနဝဂ်
၁၉—ရူပီအတ္တာသုတ်
၂၄၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟု ဤသို့သော အယူသည်ဖြစ်သနည်း။
အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးသည်မှနောက်၌ မြဲ၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးသည်မှ နောက်၌ မြဲ၏”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။
ဝေဒနာသည်။ပ။ မဖြစ်နိုင်ရာပါ အသျှင် ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟု ဤသို့သောအယူသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဧကူနဝီသတိမသုတ်။