သံယုတ္တနိကာယ်—၂၄

၂—ဒုတိယဂမနဝဂ်

၁၈—နေဝ ဟောတိ န န ဟောတိသုတ်

၂၄၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်”ဟူသော အယူသည် ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူသော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာ့ရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ် “ ဟူသော အယူသည်ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “သတ္တဝါသည် သေပြီးသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ် “ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကိုအမှားနှလုံးသွင်း၍ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ် “ဟု ဤသို့သော အယူသည် ဖြစ်၏။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင် ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသောဝိညာဏ်ကို အစွဲ မပြုခဲ့ မူ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟု ဤသို့ သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “သတ္တဝါသည်သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ် “ဟု ဤသို့သောအယူသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌာရသမသုတ်။