သံယုတ္တနိကာယ်—၃၁
၂၃—၁၁၂—သာရဂန္ဓာဒိဒါနူပကာရ သုတ်ကိုးဆယ်
၄၆ဝ—၅၄၉။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရား အား့”အသျှင်ဘုရား ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနှစ်နံ့သာ၌ အစိုးရသော နတ်တို့၏။ပ။ အကာနံ့သာ၌ အစိုးရသော နတ်တို့၏။ အခေါက်နံ့သာ၌ အစိုးရသော နတ်တို့၏။ အပွေးနံ့သာ၌ အစိုးရသော နတ်တို့၏။ အရွက်နံ့သာ၌ အစိုးရသော နတ်တို့၏။
အပွင့် နံ့သာ၌ အစိုးရသော နတ်တို့၏။ အသီးနံ့သာ၌ အစိုးရသော နတ်တို့၏။ အရည်နံ့သာ၌ အစိုးရသော နတ်တို့၏။ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု ဤစကားကို လျှောက်၏။
ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့်ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏။ ထိုသူသည် “အနံ့နံ့သာ၌ အစိုးရသော နတ်တို့သည် အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ချမ်းသာများကြ၏”ဟု ကြားအပ်ဖူး။ ထိုသူအား “ငါသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏အသင်းဝင်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်၏၊ ထိုသူသည် ထမင်းကိုပေးလှူ၏။ပ။ အဖျော်ကို ပေးလှူ၏။ အဝတ်ကို ပေးလှူ၏။ ယာဉ်ကို ပေးလှူ၏။ ပန်းကို ပေးလှူ၏။
နံ့သာကို ပေးလှူ၏။ နံ့သာပျောင်းကို ပေးလှူ၏။ အိပ်ရာကို ပေးလှူ၏။ နေရာကျောင်းကို ပေးလှူ၏။
ဆီမီးကို ပေးလှူ၏။ ထိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနံ့နံ့သာ၌ အစိုးရသောနတ် တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏။
ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အနံ့နံ့သာ၌ အစိုးရသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒွါဒသသတိမသုတ်။
[ ဤသို့ အပေါင်းအားဖြင့် တစ်ရာ့တစ်ဆယ့်နှစ်သုတ်တို့ ဖြစ်ကုန်၏။ ]
ဂန္ဓဗ္ဗကာယသံယုတ် ပြီး၏။