သံယုတ္တနိကာယ်—၃၃

၁—ရူပအညာဏသုတ်

၆ဝ၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဂေါတမ ‘လောကသည်မြဲ၏ ‘ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း၊ ‘လောကသည်အဆုံးရှိ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည် အဆုံးမရှိ’ဟူ၍လည်းကောင်း၊ ‘ထိုအသက်သည်ထိုကိုယ်တည်း’ဟူ၍လည်းကောင်း၊ ‘အသက်သည် တခြားကိုယ်သည် တခြား’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်းမဖြစ် ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း့မဟုတ်’ဟူ၍လည်းကောင်း လောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကားအဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု (လျှောက်၏)။

ဝစ္ဆ ရုပ်၌ မသိခြင်းကြောင့်, ရုပ်ဖြစ်ကြောင်း၌ မသိခြင်းကြောင့်, ရုပ်ချုပ်ရာ၌ မသိခြင်းကြောင့်,ရုပ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိခြင်းကြောင့် ‘လောကသည်မြဲ၏ ‘ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ် ‘ ဟူ၍လည်း ကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုးကုန်သောအယူတို့ ဖြစ်ပေါ်ကုန်၏။

ဝစ္ဆ ‘လောကသည် မြဲ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ ဟူ၍လည်းကောင်း လောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက် အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။